မနှစ်က စစ်ကြောင့် နေအိမ် စွန့်ခွာ ပြေးရသူ ဒုက္ခသည် သန်း၅၀ကျော်ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ဒုက္ခသည် အရေအတွက် များရတဲ့ အဓိက အကြောင်းရင်းဟာ ဆီးရီးယား စစ်ပွဲလို့ ဆို

မနှစ်တုန်းက ကမ္ဘာပေါ်မှာ စစ်ကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူတွေ နှိပ်စက် ညှင်းပန်းခံရသူတွေရဲ့ အရေအတွက်ဟာ သန်း ၅၀ ကျော် ရှိခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အပြီးမှာ အမြင့်မားဆုံး အရေအတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။

လူ ၁၇သန်း နီးပါးလောက် နေရပ် တိုင်းပြည်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၃၃သန်းလောက်ကတော့ ပြည်တွင်းမှာ နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံမှာ ဖြစ်ပွားတဲ့ စစ်ပွဲက အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဗဟို အာဖရိက သမ္မတ နိုင်ငံနဲ့ တောင်ဆူဒန် နိုင်ငံတွေမှာ အသစ် ဖြစ်ပွားတဲ့ စစ်ပွဲတွေကလည်း အကြောင်းရင်း တချို့ ဖြစ်တယ်လို့ ပြောပါတယ်။

မနှစ်ကထက် စာရင် ၆သန်း ပိုတိုးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း စစ်ပွဲတွေ အဆုံးမသတ်နိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ဖေါ်ပြနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။

ဒါ့အပြင် ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို ပိုခိုလှုံခွင့် ပေးသင့်တယ်လို့လည်း ဆိုပါတယ်။