အီရတ် ခေါင်းဆောင်သစ် ရွေးဖို့ အယာတိုလာ တိုက်တွန်း

Image caption အယာတိုလာ အယ်လ်စစ္စတာနီရဲ့ ကြားဝင်မှု ကြောင့် ဝန်ကြီးချုပ်သစ် တက်လာနိုင်

အယာတိုလာ အယ်လ် စစ္စတာနီရဲ့ ကြားဝင်မှု ဟာ အတော် အရေးပါ ပါတယ်။

ခုချိန်မှာတော့ အစိုးရသစ်ကို ဘယ်သူခေါင်း ဆောင်မလဲ ဆိုတာကို သဘောတူညီချက် မရသေးသလို ထိပ်ပိုင်း ရာထူးတွေမှာ ဘယ်သူတွေကို တာဝန်ပေးမလဲ ဆိုတာလည်း မဆုံးဖြတ်ရ သေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ခေါင်းဆောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး အုပ်စုတွေ ကြား မှာ ၉ လ ကြာအောင် ညှိနှိုင်း ခဲ့ကြရ ပါတယ်။

အခုတော့ အယာတိုလာ အယ်လ်စစ္စတာနီက သုံးရက်နဲ့ အပြီး ညှိကြပါလို့ ပြောထား ပါတယ်။

အဓိက မေးခွန်း ကတော့ ဘယ်သူ ဝန်ကြီးချုပ်သစ် ဖြစ်လာမလဲ ဆိုတာပါဘဲ။

လက်ရှိဝန်ကြီးချုပ် နိုရီအယ်လ်မာလီကီက တတိယမြောက် သက်တမ်းကို ဆက်ပြီး တာဝန်ယူမယ်လို့ ပြောနေပါတယ်။

ဧပြီလ ရွေးကောက်ပွဲမှာ သူ့ရဲ့ ညွန့်ပေါင်း ပါတီက ရှေ့ဆုံးက ဦးဆောင်ခဲ့ ပေမယ့် ပြတ်ပြတ်သားသား အနိုင်ရဖို့တော့ မဲအများကြီး လိုနေ ပါတယ်။ သူနဲ့ တွဲချင်တဲ့ ပါတီကလည်း နည်းပါတယ်။

အာဏာကို ချုပ်ကိုင်ပြီး ဆွန်နီတွေကို ဖိနှိပ်ခဲ့တဲ့ အတွက် သူဟာ လက်ရှိ အကျပ် အတည်း ကို စတင်ခဲ့သူ ဖြစ်တယ် လို့ လူအများအပြား က မြင်ကြ ပါတယ်။

ရှီယာပါတီ တွေထဲမှာ ဝန်ကြီးချုပ် ဖြစ်လာနိုင်သူ တွေ အများကြီး ရှိနေပြီး၊ ရှီယာ ပါတီတွေ စုပေါင်းပြီး မဲအများစုကို ရထားတာမို့ ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်း ခွင့်လည်း သူတို့မှာ ရှိနေ ပါတယ်။

သူတို့ ဘာသူတို့ သာညှိနေကြလို့ ကတော့ နိုင်ငံရေး အုပ်စုတွေ ကြားမှာ နောက်ထပ် လ အတော် ကြာအောင် အဖြေ ရနိုင်မှာ မဟုတ်ဘဲ ဝန်ကြီးချုပ် မာလီကီလည်း ဆက်ပြီး အာဏာ တည်မြဲ နေနိုင် ပါတယ်။

အခုတော့ အယာတိုလာ ခေါင်းဆောင်ကြီးရဲ့ ကြားဝင် ပြောဆိုမှုကြောင့် မြန်မြန် အဖြေထွက်ဖို့ ဖိအားပေး ခံနေရပါတယ်။

အခြေအနေ အရပ်ရပ်ကို ခြုံငုံ ကြည့်လိုက် ရင်တော့ အယာတိုလာ ခေါင်းဆောင်ကြီး အပြင် ရှီယာ အုပ်စုတွေကို သြဇာရှိတဲ့ အီရန် နိုင်ငံ တို့က လက်ရှိ ပြဿနာကို ဖြေရှင်းဖို့ အလျှင်အမြန် တုံ့ပြန် မှုတွေ လုပ်ရမယ်လို့ မြင်ပုံ ရသလို ဝန်ကြီးချုပ် မာလီကီကို ဖယ်ရှား မှ ဖြစ်မယ်လို့ လည်း တွက် နေတာ ဖြစ်နိုင် ပါတယ်။