ယူကရိန်းနဲ့ အီးယူ သဘောတူ စာချုပ် လက်မှတ်ထိုး

ဓာတ်ပုံ မူပိုင် Reuters
Image caption စာချုပ် လက်မှတ်ထိုးအပြီး တွေ့ရတဲ့ ယူကရိန်း သမ္မတ

ယူကရိန်းနဲ့ ဥရောပ သမဂ္ဂတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ဒီနေ့ သောကြာနေ့ အစောပိုင်းက လက်မှတ် ရေးထိုးခဲ့ကြပြီး ဒါဟာ ယူကရိန်း အတွက် သမိုင်းဝင် အလှည့်အပြောင်း တစ်ရပ် ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ပက်ထရို ပေါ်ရိုရှန်ကိုက ပြောဆိုပါတယ်။

အရင် သမ္မတဟောင်း ဗစ်တာ ယန်နူကိုဗစ်ချ်က ရုရှားနဲ့ ပိုမို နီးစပ်တဲ့ ဆက်ဆံရေးကို ဦးစားပေးခဲ့ပြီး အီးယူနဲ့ စီးပွားရေး သဘောတူညီချက်ကို လက်မခံခဲ့တဲ့ အတွက် ပြည်သူတွေ လမ်းမပေါ် ထွက်ပြီး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရာက သမ္မတဟောင်းကို ဖြုတ်ချတဲ့ အထိ ဖြစ်ခဲ့တယ်လို့ မစ္စတာ ပေါ်ရိုရှန်ကိုက ပြောပါတယ်။

နောက်ပိုင်းမှာ ယူကရိန်း နိုင်ငံပိုင် ခရိုင်းမီးယား ပြည်နယ်ကို ရုရှားက သူ့နိုင်ငံထဲ ဆွဲသွင်းခဲ့သလို ယူကရိန်း အရှေ့ပိုင်းက မတည်မငြိမ် ဖြစ်မှုတွေဟာလည်း ရုရှားရဲ့ လှုံ့ဆော်မှုကြောင့်လို့ စွပ်စွဲထားပါတယ်။

အီးယူနဲ့ သဘောတူ စာချုပ်မှာ ဂျော်ဂျီယာနဲ့ မော်လ်ဒိုဗာ နိုင်ငံတို့ကပါ ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ရုရှား ခေါင်းဆောင်တွေကတော့ ဒီစာချုပ်ကြောင့် နောက်ပိုင်းမှာ ကြီးလေးတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ