ISIS အဖွဲ့ ခေါင်းဆောင်ဗီဒီယိုထွက်လာ

ဓာတ်ပုံ မူပိုင်
Image caption အယ်လ် ဘာဒါဒီ ရဲ့ပထမဆုံး ဗီဒီယို ထွက်ပေါ်ခဲ့

အီရတ် နိုင်ငံ မြောက်ပိုင်း မိုဆူးလ် မြို့က နာမည်ကျော် အယ်လ်နိုရီ ဗလီ ဝတ်ကျောင်းတော် မှာ ISIS သူပုန်တွေရဲ့ ခေါင်းဆောင်၊ အဘူ ဘာကာ အယ်လ် ဘာ့ဂ်ဒါဒီ တရားဟောနေ တဲ့ ဗီဒီယို အင်တာနက်ပေါ် ရောက်လာ ပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ထိမ်းချုပ် ထားတဲ့နယ်မြေတွေကို နိုင်ငံသစ်အဖြစ်ကြေညာထားတဲ့ အစ္စလာမ္မစ် နိုင်ငံတော်ကို သူက ချီးကျူးပြောကြားလိုက်ပြီး မူဆလင် အားလုံး သူ့အပေါ်နာခံ ကြဖို့လည်း တိုက်တွန်း လိုက် ပါတယ်။

သီးခြား နေလေ့ရှိတဲ့ ဒီစစ်သွေးကြွ ခေါင်းဆောင်ရဲ့ ပုံတွေကို အရင်က ဗီဒီယို အနေနဲ့ တခါမှ မတွေ့ရ ဘူးဘဲ ဓါတ်ပုံ တွေသာ တွေ့ခဲ့ရ ဘူးတယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။

ဒီဗီဒီယိုနဲ့ ပတ်သက် လို့ သီးခြား အတည်ပြု နိုင်ခြင်း မရှိပေမယ့် သူ့ကို သိတဲ့ သူတွေက ဒါဟာ အဘူဘာကာ အယ်လ်ဘာဒါဒီ အစစ် ဖြစ်တယ်လို့ ပြောကြ ပါတယ်။

ခေါင်းဆောင် တဦး ခန့်အပ်ဖို့ ဟာ မူဆလင် တိုင်းရဲ့ တာဝန် ဖြစ်ပြီး ဒါကို ဆယ်စုနှစ်ပေါင်း များစွာ လစ်လျူ ရှုထားခဲ့ ကြတယ်လို့ သူက ပြောပါတယ်။

သူ့ကို ခါလစ်ဖ် လို့ခေါ်တဲ့ မူဆလင် ခေါင်းဆောင် တဦးအဖြစ် ခန့်အပ် တာကို ဝန်ထုပ် ဝန်ပိုး တခု အနေနဲ့ မြင်ကြောင်း နဲ့ သူအဲဒီလို ခန့်အပ်ခံရဖို့ လည်း မကြိုးစား ခဲ့ဘူး လို့ ပြောခဲ့ ပါတယ်။

အီရတ်စစ်တပ် ဗုံးကြဲတုန်းက သူသေသွားပြီ လို့ သတင်းတွေ ထွက်ခဲ့ အပြီးမှာ သူ့ရဲ့ ဗီဒီယို ထွက်လာ ခဲ့တာပါ။

ISIS အဖွဲ့ဟာ အီရတ် မြောက်ပိုင်း နင်နီးဗား ပြည်နယ် ထဲမှာ ရှိတဲ့ ဗလီ ဝတ်ကျောင်း တဒါဇင် ကျော် ကိုလည်း ဖျက်ဆီး ပစ်ခဲ့ ပါတယ်။

ရှီယာ၊ ဆွန်နီနဲ့ ခရစ်ယန် တွေရဲ့ အဆောက် အဦ တွေကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ ပြီး ဓါတ်ပုံ တွေကို လည်း အင်တာနက် လူမှု ကွန်ယက်တွေ ပေါ် တင်ခဲ့ ပါတယ်။

အီရတ် ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ ကတော့ အီရတ် မြောက်ပိုင်းမှာ သူပုန်ကို မခုခံနိုင်ဘဲ တပ်ပျက် သွားခဲ့တဲ့ အတွက် ကြည်းတပ် ဦးစီးချုပ်နဲ့ ရဲချုပ်ကို စနေနေ့မှာ ရာထူးက ဖယ်ရှား ခဲ့ပါတယ်။

ခုနောက်ဆုံး ဖြစ်နေတဲ့ ပဋိပက္ခ တွေကြောင့် လူတသန်းထက် မနည်း အိုးအိမ်တွေ စွန့်ခွာ ပြေးခဲ့ ရပြီး၊ ဇွန်လ အတွင်း သေဆုံးသူ အရေအတွက် ဟာလည်း ၂၅၀၀ နီးပါး ရှိခဲ့ ပါတယ်ခင်ဗျာ။