ဂျပန် တောင်ပိုင်းကို Neoguri တိုင်ဖွန်း ဝင်ရောက်

ဓာတ်ပုံ မူပိုင် AFP Getty
Image caption အိုကီနာဝါကျွန်း တောင်ပိုင်း နာဟာ Naha မြို့ပေါ်က အပျက်အစီးတချို့

ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းစုတွေကို နီရိုဂရီ Neoguri တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အဲဒီ ဒေသက လူ ၅ သိန်းကျော်လောက်ကို နေအိမ် စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်နှုန်း ရှိတဲ့ လေပြင်းတွေ အိုကီနာဝါ ကျွန်းစုကို တိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

အဲဒီဒေသမှာ လှိုင်းလုံးကြီးတွေ ၁၄ မီတာ လောက်အထိ မြင့်တက်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီက သတိပေးထားပါတယ်။

တိုင်ဖွန်း မုန်တိုင်းဟာ စတင် အားပျော့နေပြီ ဖြစ်ပေမယ့် မိုးသည်းထန်နေဆဲ ဖြစ်လို့ မြေပြိုမှုတွေ ဖြစ်နိုင်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီဒေသမှာ လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး ရေကြောင်းလမ်း တွေကိုလည်း ပိတ်ထားခဲ့ရကာ နေအိမ် ထောင်သောင်း များစွာမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။

အမေရိကန် အစိုးရကလည်း အိုကီနာဝါ ကျွန်းမှာ ရှိတဲ့ အမေရိကန် စစ်စခန်းကနေ သူတို့ရဲ့ လေယာဉ် တချို့ကို ရွှေ့ပြောင်းထားဖို့ အမိန့်ပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ