အစ္စရေးပါလက်စတိုင်း အရေး အီဂျစ်ဝင်ဖို့ရှိ

arab_league ဓာတ်ပုံ မူပိုင် s
Image caption အစ္စရေး ပါလက်စတိုင်း အရေးနဲ့ အာရပ်အဖွဲ့ချုပ်

အစ္စရေး နဲ့ ပါလက်စတိုင်း အကြား ရန်လိုတဲ့ ပစ်ခတ်မှု တွေ ကို ဒီကနေ့ အင်္ဂါနေ့ မနက် ၆ နာရီ မှာ ရပ်ဆိုင်းကြဖို့ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီကြေညာချက်ထဲ မှာ အပစ်အခတ်ရပ်ဆဲရေး နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လည်း အတိအကျ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက် ကို လည်း အီဂျစ် အစိုးရ က ကိုင်ရိုမြိုတော် မှာ အာရပ် အဖွဲ့ချုပ် မှ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်းအဝေး မတိုင်မီ ၊ အချိန်မီ ထုတ်ပြန် လိုက်တာပါ။

ဒါပေမယ့် အစ္စရေး ရော ပါလက်စတိုင်းပါ ဒီကမ်းလှမ်းချက် ကို လိုက်နာမယ်၊ မလိုက်နာဘူး ဆိုတာတော့ မသေချာပါဘူး။ ကိုင်ရို ကို လည်း၊ အစ္စရေး နဲ့ ပါလက်စတိုင်း က အဆင့်မြင့် ကိုယ်စားလှယ် တွေ ပါ တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီအခါမှာ ယုံကြည်မှု တည်ဆောက်ရေး၊ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး နဲ့ နှစ်ဘက်ကြား ပြဿနာ တွေ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

အီဂျစ်ဟာ အရင်ကလည်း အစ္စရေး၊ ပါလက်စတိုင်း ပြဿနာ ကို ဖြေရှင်းပေးနေကြဖြစ် ပြီး၊ ဒီတခေါက် ကြားဝင်စေ့စပ်မှု မပြုတဲ့ အပေါ် မှာ ပြစ်တင်ဝေဖန် ခံနေရပါတယ်။

ဒါပေမယ့် အစ္စရေး ကာကွယ်ရေး ဝန်ကြီး မိုရှေ ယာအာလွန် က တော့ အစ္စရေး ဘက် က ဟားမားစ်တွေ ရဲ့ ပစ်မှတ် ၁၅၀၀ ခန့် ကို ဖျက်ဆီး နိုင်ပြီဖြစ်လို့ သူတို့ ဘက် မှာ အတော် အထိနာနေပါပြီ။ ဟားမားစ်ခေါင်းဆောင် တွေ နေတဲ့ အိမ်တွေ။ ရုံးအဆောက် အဉီ တွေ ၁၅၀ ခန့် ကို လည်း ဖျက်ဆီးနိုင်ခဲ့ပါပြီ။ အစ္စရေး ကို ရန်ပြုရင် ဒီလိုပေးဆပ်မှု တွေ ကြုံရမှာဘဲ လို့ ပြောသွားတာပါ။

သူတို့ ဘက်က ဟားမားစ်တွေ ကို ပစ်မှတ်ထားတယ် ဆိုပေမယ့်၊ ကြားထဲမှာ မြေဇာပင် ဖြစ်ရတာ အရပ်သား တွေ နဲ့ အထူးသဖြင့် ကလေးတွေ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်ဆီ မှ ခရစ္စဂါးနစ္စ က ကလေးတွေ ဟာ ခန္တာကိုယ် ဒဏ်ရာ အပြင် စိတ်ဒဏ်ရာ တွေ ပါ တသက် စာ ပါသွား နိုင်တဲ့ အကြောင်း ပြောပါတယ်။ တကယ်လို့ ကိုယ်ဟာ ဂါဇာ မှာ ငါးနှစ် အရွယ် ကလေးဆိုပါစို့ ၊ ဒီငါးနှစ် အတွင်းမှာ အရွယ်နဲ့ မမျှတဲ့၊ စစ်ဒဏ်၊ ဗုံးဒဏ်၊ သေနတ်သံတွေ ကြားမှာ ၃ ကြိမ်တိုင် ကြုံရတယ် ဆိုတော့၊ စဉ်းစားသာ ကြည့်ကြပါ။ ဒီကလေးတွေ စိတ်ဒဏ်ရာ ဟာ ဘယ်တော့မှ ပျောက်မှာ မဟုတ်တော့ ပါဘူး။ ဒီကလေးတွေ ရဲ့ အနာဂတ် ဟာ မတွေးဝံ့စရာ ပါ။ ကုလသမဂ္ဂ ခန့်မှန်းချက် အရ ဂါဇာ မှာရှိတဲ့ ကလေး စုစုပေါင်းနှစ်သောင်းငါးထောင် ခန့် ဟာ စိတ်ဒဏ်ရာရှင် လေးတွေ ဖြစ်နေလို့ အရေးပေါ် ကုသ ပြုစုမှု လိုနေပြီလို့ ပြောတာ ကို ခရစ္စဂါးနစ္စ က ရှင်းပြပါတယ်။