အစ္စရေး မြေပြင်ထိုးစစ် ထပ်တိုးချဲ့ဖို့ အသင့်ဖြစ်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေးနဲ့ ဂါဇာ နယ်စပ်မှာ တွေ့ရတဲ့ အစ္စရေး ခြေလျင် တပ်သားအချို့

ဒီနေ့ အစောပိုင်းက ဂါဇာ ဒေသမှာ အစ္စရေးတို့က ခြေလျင် တပ်တွေ သုံးပြီး စတင် တိုက်ခိုက်ခဲ့ရာမှာ အခုအခါ မြေပြင် စစ်ဆင် မှုတွေကို ထပ်မံ တိုးချဲ့ဖို့အတွက် အရန်သင့် ဖြစ်နေပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမန် နတ်တန်ယာဟုက ပြောကြား လိုက်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေ သိုလှောင် သိမ်းဆည်း ထားတဲ့ ရောကက်တွေ ရှိတဲ့ မြေအောက် ဥမင်တွေကို တိုက်ခိုက်ဖို့ အတွက် လေကြောင်းက ပစ်ခတ်တာတွေဟာ မထိရောက်ခဲ့ဘူးလို့ မစ္စတာ နာတန်ယာဟုက ပြောပါတယ်။

ထောင်နဲ့ ချီတဲ့ အစ္စရေး တပ်ဖွဲ့တွေဟာ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ကူ ပေးမှုနဲ့ ဂါဇာ နယ်မြေထဲကို မြေပြင်ကနေ ထိုးစစ် ဆင်နေတာ ဖြစ်ပြီး၊ ဒါဟာ ၅ နှစ်ကျော် အတွင်း ပထမဆုံး မြေပြင် စစ်ဆင်မှုလည်း ဖြစ်ပါတယ်။

မြေပြင် စစ်ဆင်မှုတွေ စတင် ကတည်းက အခုအချိန်ထိ ပါလက်စတိုင်း အနည်းဆုံး ၂၄ ဦးနဲ့ အစ္စရေး စစ်သား တဦး သေဆုံးခဲ့ရပြီလို့ သိရပါတယ်။

အစ္စရေးတို့ဟာ အမြောက်တွေနဲ့ ပစ်ခတ်နေဆဲ ဖြစ်သလို လေကြောင်း ကနေလည်း တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဂါဇာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ပြောခွင့်ရသူကတော့ အစ္စရေး အနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေး ဆပ်ရမယ်လို့ ပြောပါတယ်။

တဘက်မှာလည်း ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စက်က အစ္စရေး တို့ရဲ့ မြေပြင် စစ်ဆင်မှုကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အစ္စရေးတို့ရဲ့ လုပ်ရပ်ကြောင့် သွေးထွက် သံယို ပိုဖြစ်ကာ ပဋိပက္ခ အဆုံးသတ်ရေး ကြိုးပမ်းချက်တွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေလိမ့်မယ်လို့ လည်း အီဂျစ်ကို ရောက်ရှိနေတဲ့ မစ္စတာ အာဘတ်စက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ