မလေးရှား လေယာဉ်ပျက်ကျရာ သွားရောက်စစ်ဆေး

malaysia_plane_crash_ ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှားလေယာဉ်ပျက်ကျရာ နေရာ

ယူကရိန်းနိုင်ငံမှာ မလေးရှားလေယာဉ် ပေါက်ကွဲ ပျက်ကျတာနဲ့ ပတ်သက်လို့ ဥရောပလုံခြုံရေး ကောင်စီ OSCE မှ နိုင်ငံတကာ စုံစမ်းလေ့လာရေး အဖွဲ့ဝင်တွေ ဟာ အခင်းဖြစ်ပွား တဲ့နေရာ ကို မနေ့ က သွားရောက် ကြည်ရှု ကြပါတယ်။

ဒီအခါမှာ ဒေသခံ လက်နက်ကိုင် အဖွဲ့ဝင် တွေ ရဲ့ တားမြစ်ကန့်သတ်ခြင်း ခံရတဲ့ အကြောင်းOSCE ဆိုင်ရာ ဆွဇ်ဇာလန် သံအမတ်ကြီး က ပြောပါတယ်။ နှစ် ကီလိုမီတာ အကျယ်အဝန်းရှိတဲ့ နေရာ မှာ အပျက်အစီး အပိုင်းအစ တွေ ပြန့်ကျဲနေတာတွေ မြင်ခဲ့ရတဲ့ အကြောင်း၊ ဒီနေရာ တဝိုက် ကို သေချာ စစ်ဆေးခွင့် မရခဲ့သလို၊ တာဝန် မရှိသူတွေ ဝင်ခွင့် မရ အောင် အရံအတား လုပ်ထားခြင်းလည်းမရှိပါဘူး လို့ ပြောပြတာပါ။ ဒီနေရာ မှာ တနာရီ သာသာ ဘဲ စစ်ဆေးခွင့် ပြုတယ် လို့လည်း ဆိုပါတယ်။

အခုလို အခြေအနေကြောင့် အမှုအခင်း စစ်ဆေးရာမှာလည်း သက်သေခံ အထောက်အထားတွေ ပျောက်ပျက်နိုင်သလို၊ ဖျောက်ဖျက်ပစ်တာလည်း ရှိနိုင်ပါတယ်။ ပွင့်လင်းမြင်သာပြီး၊ လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့ စုံစမ်းစစ်ဆေးဖို့ OSCE က တောင်းဆိုလိုက်ပါတယ်။

ခရီးသည်တွေထဲမှာလည်း၊ နိုင်ငံ အတော်များများ ကပါဝင်တဲ့ အတွက် အမေရိကန်သမ္မတ အိုဘားမား ကတော့ အရှေ့ဘက် ယူကရိန်းမှာ ပစ်ချခံရလို့ လေယာဉ် ပျက်ကျမှု ကို စုံစမ်းထောက်လှမ်းရာမှာ ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဉီးဆောင် ဖို့ လိုသလို ဒီဒေသ တဝိုက်မှာ အပစ်အခတ် ရပ်ဆဲ ထားဖို့ လိုကြောင်း လည်း ပြောပါတယ်။

ဒီ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ တကမ္ဘာလုံး ကို ပူဆွေးစေတဲ့ အကြောင်း၊ အာရှ လေကြောင်းလိုင်း ဟာ ဥရောပ ဝေဟင်မှာ နိုင်ငံတကာ က ခရီးသည်တွေ တင်ဆောင်ပြီး ပျံသန်းလာစဉ်မှာ ပျက်ကျတဲ့ အတွက်၊ ပျက်ကျရတဲ့ အရင်းအမြစ် ခိုင်လုံ တိကျဖို့ လိုပုံနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ လည်း ရုရှဘက် က စုံစမ်းတဲ့ အပိုင်း မှာ အထောက်အကူ ပြုဖို့ လိုတယ် ဆိုတာ ကို လေးလေးနက်နက် တိုက်တွန်း ဖို့ လိုကြောင်း အိုဘားမားက ပြောတာပါ။

ရုရှသမ္မတပူတင် ကတော့ ဒီကြေကွဲစရာ ဖြစ်ရပ်ဟာ ယူကရိန်းအစိုးရ မှာ တာဝန် ရှိပုံ၊ ဒီနယ်မြေမှာသာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေရင် ယူကရိန်း အရှေ့တောင်ပိုင်း မှာ ဆူပူအုံကြွမှု တွေ၊ အကြမ်းဖက်မှု တွေ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး လို့ ဆိုယင်း လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ သူတပ်မှူးတွေ ကို ညွှန်ကြားပြီး ဖြစ်ကြောင်း ဆိုပါတယ်။

အခုလို အနောက်အုပ်စု နဲ့ ရုရှ ဟာ၊ လေယာဉ်ပျက်ကျမှု အပေါ် ရုရှ သြဇာခံ တွေ၊ ယူကရိန်းသူပုန်တွေ ဟာ ရုရှလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံလက်ချက် လို့ ဆိုသလို၊ ရုရှ ကလည်း ယူကရိန်း စစ်တပ် ပစ်ချတာ လို့ စွပ်စွဲပါတယ်။

မည်သို့ဆိုစေ လေယာဉ်ပျက်ကျပြီးချင်း၊ ရုရှ ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂီယာနင်နဲ့ ယူကရိန်း သူပုန် တိုက်စစ်မှူး အီဂေါ ဘက်ဇလာ တို့ တယ်လီဖုန်း နဲ့ အပြန်အလှန် ပြောဆိုတာ ကို ယူကရိန်း ကအသံ ဖမ်းမိထားကြောင်း ပြောပါတယ်။

သူတို့ အပြန်အလှန် ပြောရာမှာ လေယာဉ်တစင်း ကို ပစ်ချတဲ့ အခါမှာ မီးလောင်ပြီး အပိုင်းပိုင်းပျက်ကျလာတဲ့ အကြောင်း၊ လူပေါင်း ၂ဝဝ ခန့်ရဲ့ အလောင်းတွေ ကို တွေ့ မှ ခရီးသည်တင် လေယာဉ် ဆိုတာ ရိပ်မိတဲ့ အကြောင်း၊ လူသုံးပစ္စည်းတွေ တွေ့မိရာမှာ ဆေးထုတ်၊ မျက်နှာသုတ်ပုဝါတွေ၊ နဲ့ အင်ဒိုနီးရှား တက္ကသိုလ်ကျောင်းသား ရဲ့ ပါ့စ်ပို့ တွေ့ရကြောင်း တွေ အပြန်အလှန် ပြောကြတာပါ။

ဒီအခါကျမှ ရုရှ ဗိုလ်မှူးကြီးလည်း သူပုန်တွေ အရင်ရက်တွေတုန်းကလို၊ ယူကရိန်းလေယာဉ်ထင်ပြီး မှားပစ်ချတာ ကိုရိပ်စားမိပုံ ရသွားပါတယ်။

ဒီကိစ္စဟာ အတော်နဲ့ ဖြေရှင်းလို မရနိုင်သေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက်တွေ ပေးပို့တဲ့ သတင်းတွေ ထဲက ကောက်နှုတ်တင်ပြ လိုက်ပါတယ်ရှင်။

ဒီသတင်းနဲ့ပတ်သက်သမျှ