မလေး လေယာဉ်ပျက် စုံစမ်းရေး အဖွဲ့ကို ဝင်ခွင့်ပြုမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption သူပုန်တွေ ထိန်းချုပ်ထားတဲ့ Grabovo ရွာအနီးမှာ ပျက်ကျခဲ့

ယူကရိန်း အရှေ့ပိုင်းမှာ ကြာသပတေးနေ့က ပစ်ချ ခံခဲ့ရတဲ့ မလေးရှား လေကြောင်းပိုင် MH17 ခရီးသည်တင် လေယာဉ်ရဲ့ အပျက်အစီးတွေကို သွားရောက် စုံစမ်း စစ်ဆေးဖို့အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေး သူတွေကို ဝင်ရောက်ခွင့် ပြုမယ်လို့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက ပြောလိုက်ပါတယ်။

အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ လေယာဉ်ဟာ ယူကရိန်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ပစ်ချခံရပြီးနောက် လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတာပါ။

ဥရောပ လုံခြုံရေးနဲ့ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ ကတော့ သူတို့ရဲ့ စစ်ဆေးရေး အဖွဲ့တဖွဲ့ ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ လေယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိမယ်လို့ ပြောပါတယ်။

အခုလို သူပုန်တွေက စစ်ဆေးရေး အဖွဲ့တွေကို ဝင်ရောက်ခွင့် ပြုခဲ့ ပေမယ့် ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက် နေမှုတွေကိုတော့ ရပ်စဲမှာ မဟုတ်ကြောင်း ယူကရိန်း သူပုန် ခေါင်းဆောင် တဦးက ပြောပါတယ်။