ဂါဇာ တိုက်ခိုက်မှုနဲ့ သေကြေမှုတွေ ဆက်ဖြစ်

Gaza ဓာတ်ပုံ မူပိုင် AP
Image caption လေကြောင်းပြီးတော့ မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်

ဂါဇာကမ်းမြောင်ကနေ အစ္စရေးဘက်ကို လိုဏ်ခေါင်းက တဆင့် ဝင်လာတဲ့ ပါလက်စတိုင်း စစ်သွေးကြွ တစ်ဦးကို ပစ်သတ်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အဲဒီစစ်သွေးကြွဟာ အနီးအနားက အစ္စရေး ရပ်ကွက်ကို တိုက်ခိုက်ဖို့ လာတဲ့ လက်နက်ကိုင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်သွေးကြွမှာ စက်သေနတ်ပါလာပြီး တင့်ကားဖျက် မစ်ဆိုင်းလက်နက်နဲ့လည်း သူက တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ပါတယ်။

အစ္စရေးဘက်ကလည်း တပ်သားနှစ်ဦး ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

စနေနေ့ အစောပိုင်းကလည်း ဂါဇာနယ်စပ်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ တိုက်ပွဲဖြစ်တဲ့အတွက် ပါလက်စတိုင်း ၉ ဦး သေဆုံးပြီး နောက်ဖြစ်ရပ်တစ်ခုမှာတော့ ဂါဇာဘက်က လက်နက်ကြီးကျလို့ အစ္စရေး တစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အစ္စရေးနဲ့ ဟားမတ်စ်ကြား စေ့စပ်ညှိနှိုင်းပေးဖို့ အဲဒီ ဒေသတွင်းကို သွားရောက်နေပါတယ်။