အစ္စရေးနဲ့ ဟားမာ့စ်အကြား ၁၂နာရီကြာ အပစ်ရပ်

ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှုတွေ အတွင်း ပါလက်စတိုင်း လူမျိုး သေဆုံးသူ ၉၀၀ကျော် ရှိသွားပြီ

ဂါဇာဒေသမှာ စနေနေ့ အစောပိုင်းက ၁၂နာရီကြာ အပစ်အခတ် ရပ်စဲမှုတခု လုပ်အပြီး အပျက်အစီးပုံတွေ အောက်ကနေ လူသေအလောင်း ၈၀ကျော်လောက် ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ် အကြား လတ်တလော တိုက်ပွဲတွေ စဖြစ်ပွားခဲ့ပြီးချိန်ကတည်းက စလို့ အခုအခါ ပါလက်စတိုင်း လူမျိုး သေဆုံးသူပေါင်း ၉၀၀ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အစ္စရေးတို့ဘက်ကလည်း လူ၄၀နီးပါး သေဆုံးခဲ့ပြီး အများစုဟာ စစ်သားတွေ ဖြစ်ပါတယ်။

အပစ်အခတ် ယာယီ ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး ဂါဇာ ဒေသခံတွေ အစုလိုက်အပြုံလိုက် လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။

ဘဏ်တွေနဲ့ စျေးဆိုင်တချို့လည်း ပြန်ဖွင့်ခဲ့ပါတယ်။

အခု ၁၂နာရီကြာ ယာယီ အပစ်ရပ်မှုဟာ လူသားချင်း စာနာမှုဆိုင်ရာ အသက်ရှုပေါက် တခု ဖြစ်တယ်လို့ အစ္စရေးတို့က ဖေါ်ညွှန်း ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဒီအချိန်ကာလအတွင်းမှာ ပါလက်စတိုင်း လက်နက်ကိုင်တွေ အသုံးပြုနေတဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးတာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာဒေသမှာ အပစ်အခတ် ရပ်စဲမှုကို နောက်ထပ် အချိန်တိုးဖို့ အမေရိကန်၊ တူရကီ၊ ကက်တာနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တင်ပြခဲ့တဲ့ ၇ရက်ကြာ အပစ်အခတ် ရပ်စဲထားရေး အဆိုပြုချက်ကို အစ္စရေးတို့ဘက်က ပယ်ချခဲ့အပြီးမှာ နောက်ထပ် ရှေ့တိုး ဆောင်ရွက်မှုတွေ လုပ်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးတွေက ပဲရစ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

စစ်ပွဲမှာ တိုက်ခိုက်နေကြတဲ့ နှစ်နိုင်ငံက အဆင်သင့် မဖြစ်မချင်း ရေရှည် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရနိုင်မယ့်ပုံ မတွေ့ရဘူးလို့ ပဲရစ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။