အပစ်ရပ်ရေး ထပ်လုပ်နိုင်ဖို့ သမ္မတ အိုဘားမား ကြိုးပမ်းနေ

ဓာတ်ပုံ မူပိုင် AP
Image caption ၇၂နာရီ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမယ့် နာရီပိုင်းအတွင်း ပျက်ပြယ်သွားခဲ့

ဂါဇာဒေသမှာ သောကြာနေ့က စပြီး ၇၂ နာရီကြာ အပစ်ရပ်ဖို့ သဘောတူထားခဲ့ချက် နာရီပိုင်းအတွင်း ပျက်ပြယ်သွားခဲ့အပြီးမှာ အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူချက်တခု ပြန်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

တိုက်ပွဲတွေ ပြန်ဖြစ်ချိန်မှာ အဖမ်းခံခဲ့ရတယ်လို့ ယူဆရတဲ့ အစ္စရေး စစ်သား တဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

ဂါဇာ ဒေသမှာ ရှိတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးခဲ့တာတွေကို မြင်ရတာ ကြေကွဲ ဝမ်းနည်းမိပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်သွား စေရေးကို ဟားမာ့စ်အဖွဲ့ဘက်က အလေးအနက် လိုလားတယ် ဆိုတာကို ပြဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အစ္စရေးတို့ဘက်က ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့စဉ်အတွင်း လူ ၅၀ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းတို့က ပြောပါတယ်။

အစ္စရေး စစ်သား အဖမ်းဆီး ခံထားရတာနဲ့ ပတ်သက်လို့ ရေကုန်ရေခန်း တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ အစ္စရေးတို့က သန္နိဋ္ဌာန်ချ ပြောဆိုထားပြီး ပျောက်ဆုံးနေတဲ့ စစ်သားကို ရှာဖွေဖို့ ဂါဇာဒေသ တောင်ပိုင်းကို အစ္စရေး စစ်တပ် ရှေ့တိုး ဝင်ရောက် သွားပြီ ဖြစ်ပါတယ်။