အီရတ်မြောက်ပိုင်း မြို့တွေ ကာ့ဒ်တွေသိမ်း

kurdish_fighters ဓာတ်ပုံ မူပိုင် epa
Image caption ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့တွေ

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ၊ အစ္စလာမ်မစ် နိုင်ငံတော် ကြေညာထားတဲ့ ဆွန်နီ အစွန်းရောက် သူပုန်တွေ လက်ထဲ ကနေ၊ မြို့ ၂ မြို့ ကို ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့တွေ က ပြန်လည် သိမ်းယူ နိုင်ခဲ့ပါတယ်။

အမေရိကန် ရဲ့ လေကြောင်း ပစ်ကူတွေ နဲ့၊ Gwer နဲ့ Makhmur မြို့တွေ ကို သိမ်းယူ လိုက်နိုင်ကြောင်း ကာ့ဒ်ဒစ်ရှ် အာဏာပိုင်တွေ က ပြောပါတယ်။

အခုလို ကာ့ဒ်တပ်ဖွဲ့တွေ အနေနဲ့ မြို့တွေကို သိမ်းယူ လာနိုင်တာနဲ့၊ အမေရိကန်ကလည်း ဆွန်နီ သူပုန်တွေ ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် လာနေတာတွေ ဟာ၊ အီရတ် ပဋိပက္ခရဲ့ အခြေအနေ အလှည့်အပြောင်း ဖြစ်လာတာ ကို ညွှန်ပြနေတယ် ဆိုပြီး၊ သတင်းထောက်တွေ က ဆိုပါတယ်။

ဒီမတိုင်ခင် ကတော့၊ ကာ့ဒ်တပ်ဖွဲ့တွေ ထိန်းချူပ်ထား တဲ့ အီရတ်မြောက်ပိုင်း အယ်ဘီးလ် မြို့ကို၊ ဆွန်နီ သူပုန်တွေ လက်ထဲ ကျရောက် သွားမလား ဆိုပြီး စိုးရိမ် နေခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကတော့၊ အယ်ဘီးလ် နဲ့ ဘဂ္ဂဒက်မှာ ရှိတဲ့ အမေရိကန် နိုင်ငံသား သံတမန်တွေ နဲ့ ရေနံတွင်း ဝန်ထမ်းတွေ ကို၊ အီရတ်တောင်ပိုင်း နဲ့ ဂျော်ဒန်နိုင်ငံကို ပြောင်းရွှေ့ နေရာ ချပေးနေတယ် လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ် အနောက်မြောက်ပိုင်းမှာ၊ သူပုန်တွေရဲ့ ရန်ကြောင့် တောင်ပေါ်မှာ ပိတ်မိနေကြတဲ့ လူ ၂ သောင်းလောက်ဟာ၊ ဆီးရီးယား နယ်မြေတွေကနေ တဆင့်၊ ဘေးကင်းရာကို လွတ်မြောက်သွားနိုင်ကြတယ်လို့ မျက်မြင် သက်သေတွေက ပြောနေပါတယ်။

တခါ၊ အီရတ် အစိုးရ အတွင်းမှာ ကို တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေ ထင်ရှား လာနေပါ တယ်။ ဝန်ကြီးချူပ် နူရီ အယ်လ် မာလီကီ ကို သစ္စာခံတဲ့ ရှီအာ လက်နက်ကိုင် တွေဟာ၊ ဘဂ္ဂဒက်မြို့ အနှံ့၊ မဟာဗျူဟာမြောက် တဲ့ နေရာတွေမှာ၊ တပ်တွေ ချလာနေတယ် လို့ သတင်းတွေ ထွက်လာပါတယ်။

မစ္စတာ မာလီကီ က၊ လက်ရှိ အီရတ် သမ္မတ ဖူအာ့ဒ် မာဆူးမ် ကို၊ အခြေခံ ဥပဒေကို ဖောက်ဖျက်မှုနဲ့ တရားစွဲလိုကြောင်း၊ ရုပ်မြင်သံကြား ကနေ တဆင့်၊ ပြောခဲ့တဲ့ နောက်ပိုင်း၊ အခုလို ရှီအာ လက်နက်ကိုင်တွေ လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ