ယာဇီးဒီး ၈၀ ကို IS တွေက သတ်ဖြတ်ခဲ့

_yazidis_ ဓာတ်ပုံ မူပိုင် AFP
Image caption ဘေးလွတ်ဖို့ ပြေးနေကြတဲ့ ယာဇီးဒီးတွေ

အီရတ် မြောက်ပိုင်းမှာ ယာဇီးဒီး ရွာသား ၈၀ ကို အစ္စလာမ်မစ် နိုင်ငံ တပ်ဖွဲ့ တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး မိန်းမနဲ့ ကလေး တွေကို ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။

သောကြာနေ့က ကော်ဂျူး ကျေးရွာကို အဲဒီ အစ္စလာမ်မစ် နိုင်ငံတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းတွေ ဝင်လာကြပြီး အခုလို သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်က အနားယူတော့မယ့် အီရတ် နိုင်ငံခြားရေး ဝန်ကြီးဟိုရှာ ဇေဘာရီက အမေရိကန်ဘက်က မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ လက်တုန့်ပြန်တဲ့ သဘောနဲ့ အဲဒီ ကော်ဂျူးရွာကို ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲဒီ ရွာကနေ လွတ်မြောက်ခဲ့တဲ့ လူတဦးက ဘီဘီစီကို ပြောရာမှာတော့ အစ္စလာမ်မစ် နိုင်ငံ တပ်ဖွဲ့ တွေက မော်ဆိုးလ် မြို့အနောက်ဘက်က တဲလ် အာဖာ ဆီကို အဲဒီ မိန်းမနဲ့ ကလေးတွေကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

မစ္စတာ ဇေဘာရီကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြု ပြောကြားခြင်း မရှိပါဘူး။