အီရပ်မြောက်ပိုင်းမှ အမေရိကန်လေကြောင်းတိုက်ပွဲ

_sp_presa_irak ဓာတ်ပုံ မူပိုင် AFP
Image caption ရေကာတာ ကို ပြန်လည်သိမ်းနိုင်အောင် တိုက်ရ

အီရပ်နိုင်ငံ မိုဆူးလ် မြို့ နဲ့ မိုင် ၃၀ အကွာ မှာ တည်ဆောက်ထားတဲ့ တိုင်းဂရစ် မြစ်ပေါ်ရှိ ရေကာတာ ကို အစ္စလာမ် စစ်သွေးကြွ တွေ သိမ်းပိုက် ထားတာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ ကပါ။

ဒီ ရေကာတာ ကို အခု ပြန်လည် သိမ်းပိုက်နိုင်အောင်၊ အမေရိကန် လေတပ် က မနေ့ မနက် စနေနေ့ က စလို့ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ မြေပြင်တိုက်ပွဲ ကိုတော့ ကားဒစ်ရှ် တပ် က တာဝန်ယူခဲ့ပါတယ်။

ဒီ ရေကာတာ ရဲ့ အရေးပါမှု ကလည်း တကယ်လို့ သာ စစ်သွေးကြွတွေ က ဖေါက်ခွဲ ဖျက်ဆီးလိုက်မယ်ဆိုရင် အီရပ် နိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ရေကာတာ က ဆည်ကျိုးရာကနေ အီရပ်မြောက်ပိုင်း ဒေသ နဲ့ ဘက်ဂ်ဒက်မြို့ ပါ ရေလွှမ်းမိုး သွားနိုင် ပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ် ထုတ်လုပ်မှု လည်း ရှိနေလို့၊ မြောက်ပိုင်း ဒေသ တွေ အတွက် လျှပ်စစ် ကို လည်း ဒီရေကာတာ အပေါ် မှီခိုနေရတာပါ။

ဒါကြောင့်မို့ ကားဒစ်ရှ် စစ်တပ် ကလည်း အနောက်နိုင်ငံ တွေ ကို ရေကာတာ ပြန်လည် သိမ်းပိုက်နိုင်ရေး နဲ့ စစ်သွေးကြွတွေကို ပြန် လည် ခုခံ နိုင်ဖို့ ထပ်ခါ တလဲလဲ အကူအညီတောင်းခံ နေတာပါ။

အခုလည်း ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရင့်ဗါလ်တာ ရှတိုင်းမိုင်ယာ ဟာ ဘက်ဂ်ဒက်မြို့ ကို ရောက်နေပြီး အီရပ်နိုင်ငံခြားရေး ဝန်ကြီး ဟူစိန် အယ်လ်ရှာ ရစ္စတာနီ နဲ့ တွေ့ခဲ့ပါတယ်။ ဂျာမန် အစိုးရ အနေနဲ့ လူသားချင်းစာနာတဲ့ ကူညီငွေ အမေရိကန် ဒေါ်လာ၃၂ သန်း ပေးမဲ့ အကြောင်း၊ မစ္စတာ ရှတိုင်းမိုင်ယာ က ပြောယင်း စစ်သွေးကြွတွေ ကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် တွေ ကူညီဖို့ လို့ ဆိုပါတယ်။

အခု လက်ရှိ အနေအထားအရ မြောက်ပိုင်း အီရပ် က လူနည်းစု တိုင်းရင်းသားတွေ ဟာ အသတ်ခံရ၊ ကစင့်ကလျား ထွက်ပြေးရ၊ ကလေးတွေ မိဖမဲ့ ဖြစ်၊ မိခင်တွေ လည်း အတိဒုက္ခရောက် နေကြလို့ ဂျာမန် အစိုးရ အနေနဲ့ ကူညီတာပါ။ ဂျာမန် လေတပ် ကလည်း ထောက်ပံ့ရေး ပစ္စည်း တွေ ကိုအာဘီလ်မြို့ဆီ ပို့ဆောင် ဖို့ ထွက်လာနေပါပြီ လို့ ပြောတာပါ။ ဒါပေမဲ့ ဂျာမန် အစိုးရ အနေနဲ့ အငြင်းပွား တိုက်ခိုက်နေတဲ့ နိုင်ငံတွေ ကို စစ်ရေး အကူအညီ ပေးခွင့် ကို ဥပဒေ အရ တားမြစ်ထားပါတယ်။

အစ္စလမ်မစ် စစ်သွေးကြွတွေ ရဲ့ တိုက်ခိုက်မှု ကြောင့် ရှီးယားအီရပ်လူမျိုး၊ ယာဇီဒီ၊ ခရစ်ယန် တွေ ခန့်မှန်းခြေ ၁ ဒဿမ ၂ သန်းဟာ၊ နေအိမ်စွန့်ခွာ၊ ရွာပြေးရွာရှောင် ဖြစ်နေရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျင်မြူးယား က သတင်းပေးပို့ လိုက်ပါတယ်။