ယူကရိန်းအရှေ့ဘက်မှာ ရုရှစစ်ရေးကျူးကျော်နေ

ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ပွဲတွေ ဖြစ်နေတဲ့ ယူကရိန်းအရှေ့ဘက်ခြမ်း

ရုရှားတို့ဟာ ယူကရိန်းအရှေ့ဘက် နယ်စပ်တလျောက် စစ်ရေးကျူးကျော် တိုက်ခိုက်မှုသစ်တခု လုပ်နေတယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲလိုက်ပါတယ်။

ဒီလို ရုရှားတို့ စစ်ရေးကျူးကျော်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ ရုရှသမ္မတပူတင်ကို ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာမာခဲက တောင်းဆိုလိုက်ပါတယ်။

အခြေအနေတွေ အေးဆေးတည်တည်ငြိမ်အောင် လုပ်ဖို့ ရုရှားမှာ အဓိက တာဝန်ရှိတယ်လို့ သမ္မတပူတင်ကို အန်ဂဲလာမာခဲက တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာ ပြောဆိုခဲ့ပါတယ်။

စောစောပိုင်းကလည်း လန်ဒန်မှာရှိတဲ့ ယူကရိန်း သံရုံးက သံရုံးတာဝန်ခံ Andriy Kuzmenko အန်ဒရီ ကွတ်စ်မီယံကို က ရုရှ စစ်တပ် သူတို့နိုင်ငံထဲ စစ်ဆင်ရေးတွေ လုပ်နေတဲ့ အထောက်အထားခိုငခိုင်လုံလုံရှိတယ်လို့ ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်က အရင်အေးအေးချမ်းချမ်း ရှိနေခဲ့တဲ့ အရပ်ကို ရုရှားတို့ရဲ့ တင့်ကားတွေ သံချပ်ကာမော်တော်ယာဉ်တွေ ရော့ကက် ဒုံးလက်နက်တွေတပ်ဆင်ထားတဲ့ ယာဉ်တွေပါတဲ့ နောက်ထပ်စစ်ကြောင်းတွေ နယ်စပ်ဖြတ်ပြီးဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကို ကိုးကားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကလည်း ရုရှားတို့ရဲ့ တိုက်ရိုက်တန်ပြန်ထိုးစစ်တွေ စနေတဲ့ ပုံရှိတယ်လို့ ပြောပါတယ်။

ယူကရိန်းပိုင်နယ် ကီလိုမီတာအတော်များများအတွင်း ရုရှ စစ်သားတွေ တွေ့နေရတာတောင် ရုရှက အမှန် အတိုင်း ပြောဖို့ ဆန္ဒမရှိတာကြောင့် အမေရိကန်အစိုးရက စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါဟာ ဒွန်နက်စ်နဲ့ လုဟန့်စ် မြို့တွေကို ဝိုင်းထားတဲ့ ယူကရိန်းတပ်တွေကို အာရုံလွဲဖို့ အခုလို ရုရှားတို့က စစ်မျက်နှာသစ်ဖွင့်တာလားဆိုတဲ့ သံသယတွေလည်း ရှိနေကြပါတယ်။

ရုရှားတို့ကတော့ ခွဲထွက်ရေးသူပုန်တွေကို သူတို့ အကူအညီမပေးပါဘူးလို့ ငြင်းနေတာပါ။

ဒါပေမယ့် ရုရှားတို့ဟာ သူပုန်ုတွေကို လက်နက်အထောက်အကူပေးနေတယ်လို့ အနောက်နိုင်ငံအစိုးရတွေက အခိုင်အမာ ပြောနေကြပါတယ်။

အင်္ဂါနေ့က လုပ်ခဲ့တဲ့ ယူကရိန်းနဲ့ ရုရှသမ္မတ ၂ ဦးရဲ့ ဆွေးနွေးပွဲဟာ ယူကရိန်းအကျပ်အတည်းကို ပြေလည်အောင် အထောက်အကူပြုနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ လောလောဆယ်မှာ ဒီသတင်းတွေကြောင့် အခုတော့ တစတစနဲ့ မှေးမှိန်လာနေပြီး အနောက်အုပ်စုရဲ့ စိုးရိမ်မှုတွေကလည်း ပိုများလာနေပါတယ်။