IS အရေး အီရတ်ကို ကူမယ်လို့ ကယ်ရီ ကတိပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် ဝန်ကြီးချုပ်သစ်နဲ့ ကယ်ရီ တွေ့ဆုံစဉ်

အီရတ်မှာ ရှိတဲ့ IS အဖွဲ့ စစ်သွေးကြွတွေကို နှိမ်နင်း နိုင်ဖို့အတွက် နိုင်ငံတကာ ပါဝင်တဲ့ မဟာဗျူဟာ တစ်ခုကို ချမှတ် လုပ်ဆောင် သွားမယ်လို့ အီရတ် ဝန်ကြီးချုပ်သစ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ကတိပေးခဲ့ပါတယ်။

အီရတ် ဝန်ကြီးချုပ်သစ် Haidar al-Abadi ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေဟာ အားတက်ဖွယ်ရာ ဖြစ်တယ်လို့လည်း ဂျွန်ကယ်ရီက ချီးကျူးခဲ့ပါတယ်။

IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို နှိမ်နင်းရာမှာ အထောက်အကူ ရဖို့အတွက် အရှေ့အလယ်ပိုင်းကို ခရီးထွက်လာတဲ့ ဂျွန်ကယ်ရီနဲ့ အီရတ် ဝန်ကြီးချုပ်သစ်တို့ ဘဂ္ဂဒက်မှာ ပထမဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် မစ္စတာ အဘာဒီဟာ IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ဖို့အတွက် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ကို လွန်ခဲ့တဲ့ ၄၈ နာရီက ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းက ရှီးယား မွတ်ဆလင်တွေ နေထိုင်ရာ ဒေသမှာ ကားဗုံးတွေ ဆက်တိုက် ကွဲခဲ့လို့ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ