စကော့တလန်ပြည်သူတွေ ဗြိတိန်နဲ့တွဲနေဖို့ ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် EPA
Image caption ပျော်ရွင်နေကြတဲ့ ယူကေနဲ့တွဲနေရေး လိုလားသူတွေ

စကော့တလန် ယူကေထဲမှာ ဆက် တွဲနေရေး ဘက်က ဆန္ဒခံယူပွဲမှာ မဲ ၅၅ ရာခိုင်နှုန်းရခဲ့ပြီး ခွဲထွက်လို့ လွတ်လပ်ရေး ယူမယ့် ဘက်က မဲ ၄၅ ရာခိုင်နှုန်း ရခဲ့ပါတယ်။

ဆန္ဒခံယူပွဲမလုပ်ခင်က လူထုစစ်တမ်းတွေမှာ မဲ ဒီလောက်မပြတ်ခဲ့ပဲ တကယ့် မဲပေးချိန်ကျ လူထုက တွဲရေးဘက်ကို မဲ တင်းပေးလိုက်ကြတာဖြစ်ပါတယ်။

လာမဲပေးခဲ့ကြသူ ၈၅ ရာခိုင်နှုန်း လောက်ရှိတယ်လို့ သိရပါတယ်။

ဗြိတိသျှ ပါတီကြီး ၃ ခုက ကတိပြု ထားတဲ့အတိုင်း စကော့တလန် အတွက် အာဏာ ခွဲဝေရေးတွေ လုပ်ဆောင်ပေးသွားမယ့် အပြင် ဝေလနဲ့ မြောက်ပိုင်း အိုင်ယာလန် ဒေသတွေ အတွက် ပါ ပိုပြီး ပြောရေး ဆိုခွင့် ရှိစေရမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ကတိပေး လိုက်ပါတယ်။

မျိုးဆက် တဆက် အတွက် ဒီကိစ္စကို ဖြေရှင်းပြီး ဖြစ်ကြောင်း နဲ့ ဒီရလဒ် အတွက် ကျေနပ်မိကြောင်း မစ္စတာ ကင်မရွန်းက ပြောပါတယ်။

စကော့တလန် အတွက် ပြုပြင်ရေး ဥပဒေကြမ်း ကို ဇန်နဝါရီလမှာ အသင့် ဖြစ်စေရမယ် လို့လဲ ပြောကြား သွားပါတယ်။

အနာဂတ်မှာ လွတ်လပ်ရေး အတွက် ထောက်ခံမှု အလားအလာ ရှိသေးကြောင်း မဲ တ ဒသမ ၆ သန်းက ပြနေတယ်လို့ ခွဲထွက်ရေး ဆန္ဒခံပွဲမှာ ရှုံးနိမ့်သွားတဲ့ စကောတလန် ဝန်ကြီး အဲလက်စ် ဆယ်လ်မန်က ပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုဟောင်း ချုပ်ငြိမ်းပြီး ဗြိတိသျှ ၄ ပြည်ထောင် အတွက် အနာဂတ် အတွက် ဖွဲ့စည်းပုံသစ် တခု တည်ဆောက်ဖို့ လိုနေပြီလို့ ဝေလ နယ် ရေးရာ ဝန်ကြီး Carwyn Jones က ပြောကြား လိုက်ပါတယ်။