အာဖဂန် ညီညွတ်ရေး အစိုးရဖွဲ့ဖို့ သဘောတူ

ဓာတ်ပုံ မူပိုင် ARG
Image caption ရွေးကောက်ပွဲ ပြီး ကတည်းက အငြင်းပွားနေ မှုတွေ အဆုံးသတ်

အာဖဂန် သမ္မတ ရွေးကောက်ပွဲ ပြီးလို့ ၃ လ ကြာတဲ့ အထိ အရှုံး အနိုင် အငြင်းပွား နေကြတဲ့ သမ္မတ ကိုယ်စားလှယ် လောင်း ၂ ဦး အကြား အခုတော့ အမျိုးသား ညီညွတ်ရေး အစိုးရ အတွင်း အာဏာ ခွဲဝေ ယူကြဖို့ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီ ဖြစ်ပါတယ်။

ဒီ သဘော တူညီချက် အရ အရှရက်ဖ် ဂါနီက သမ္မတ နေရာ ယူမှာ ဖြစ်ပါတယ်။ အဘ်ဒူလာ အဘ်ဒူလာ ကတော့ စီအီးအို လို့ခေါ်တဲ့ အမှုဆောင် အရာရှိချုပ် နေရာကို ယူမှာပါ။ ဒီနေရာမှာ CEO ရာထူးဟာ ဝန်ကြီးချုပ် တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာ တွေနဲ့ ဆင်တူ ပါတယ်။

လက်မှတ် ရေးထိုး ပွဲမှာ ရာထူးက ဆင်းတော့မယ့် သမ္မတ ဟာမစ် ခါဇိုင်းက အာဖဂန် ပြည်သူတွေရဲ့ ဆန္ဒ အတိုင်း နိုင်ငံမှာ ငြိမ်းချမ်းရေး ရပြီး ဖွံ့ဖြိုး တိုးတက် ဖို့ ဆုတောင်း သွားခဲ့ ပါတယ်။

အစိုးရ သစ်မှာ သမ္မတ ကနေ စီအီးအို အပါ အဝင် အစိုးရ ဝန်ကြီး အဖွဲ့ကို ဖွဲ့စည်းပြီး မဟာ ဗျူဟာ ကျကျ အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို ချမှာ ဖြစ်ပါ တယ်။

စီအီးအို ကနေ ဥက္ကဌ အဖြစ် တာဝန် ယူတဲ့ ဝန်ကြီးများ ကောင်စီ ကတော့ နိစ္စဓူဝ အုပ်ချုပ်ရေး လုပ်ငန်း တွေကို ကိုင်တွယ်မှာ ဖြစ်ပါ တယ်။

ခေါင်းဆောင် ပိုင်းမှာ ဒီအဖွဲ့ နှစ်ခု စလုံး အနေနဲ့ တူညီတဲ့ ကိုယ်စားပြုမှုတွေ ရှိတယ်လို့ သဘောတူညီမှုမှာ ဖော်ပြ ပေမယ့် လုပ်ငန်း တာ၀န်တွေ ယူကြ ရာမှာ အငြင်းပွား မှုတွေ ရှိနိုင် သေးတယ်၊ တည်ငြိမ်တဲ့ အစိုးရ ဖြစ်လာ မလား ဆိုတာ ပြောဖို့ စောသေးတယ်လို့ အာဖဂန် နစ္စတန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန် လွိုင်းက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ