အာဖဂန်မှာ ခရိုင် တခုကို တာလီဘန်တွေ သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption Ghazni ပြည်နယ်မှာ အခုလ အစောပိုင်းက တာလီဘန်တွေရဲ့ တိုက်ခိုက်မှု တခု

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာလီဘန် စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ Ghazni ပြည်နယ်ထဲက မဟာဗျူဟာ ကျတဲ့ Ajrestan ခရိုင်ကို ကြာသပတေးနေ့ ညမှာ လက်လွှတ် လိုက်ရကြောင်း အာဖဂန် အရာရှိတွေက ပြောပါတယ်။

တာလီဘန်တွေက Ajrestan ခရိုင်ကို သိမ်းပိုက် အပြီးမှာ ဒေသခံ ၇၀ လောက်ကို သတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အထဲက ၁၅ ယောက် ကိုတော့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတဲ့ သံသယနဲ့ တာလီဘန်တွေက ခေါင်းဖြတ် သတ်ခဲ့ကြောင်း အာဖဂန် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

Ghazni ပြည်နယ်ဟာ အာဖဂန် နစ္စတန် အရှေ့တောင်ဘက် ပိုင်းနဲ့ မြို့တော် ကာဘူးလ် အကြား အရေးကြီးတဲ့ ထွက်ပေါက် ဖြစ်ပါတယ်။

အာဖဂန် အစိုးရ တပ်တွေက အဲဒီ နယ်မြေကို ပြန်ရဖို့ ဆက်လက် တိုက်ခိုက် နေပေမယ့် တခြား နယ်မြေတွေကို တာလီဘန်တွေ ထပ်မံ တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ