ဆီးရီးယားထဲက IS တွေကို လေကြောင်း တိုက်ခိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားထဲက IS တွေကိုပါ တိုးမြှင့် တိုက်ခိုက်လာ

ဆီးရီးယား နဲ့ အီရတ် နိုင်ငံ တွေမှာ ရှိတဲ့ IS အစ္စလာမ္မစ် စစ်သွေးကြွ တွေကို အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ် နေရာမှာ ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့ရဲ့ သံချပ်ကာ ယာဉ်တွေကို ဖျက်ဆီး ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယား အရှေ့ခြမ်းမှာ စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ မြို့တွေ ကနေ အရပ်သားတွေ ထွက်ပြေး လာကြတယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

အီရတ် နိုင်ငံမှာလည်း ဘဂ္ဂဒက် မြို့ အနီးက IS ခြေကုပ် စခန်း တစ်ခု အပါအဝင် အီရတ်မှာ ရှိတဲ့ IS စခန်းတွေ အပေါ် လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က ပြောပါတယ်။

ဒိန်းမတ် နိုင်ငံကလည်း အီရတ်မှာ ရှိတဲ့ IS အဖွဲ့အပေါ် စစ်ဆင်ရေး တွေမှာ အသုံးပြုဖို့ F-16 တိုက်လေယာဉ် ၇ စင်း ပို့လွှတ် မယ်လို့ ပြောပါတယ်။

ယူကေ နိုင်ငံကတော့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ သင့် မသင့် ဒီကနေ့ သောကြာနေ့ ညနေပိုင်းမှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဆီးရီးယား လက်ရှိ အစိုးရက အီရတ်လို မဟုတ်ဘဲ သူ့နိုင်ငံထဲမှာ ရှိတဲ့ IS အဖွဲ့ကို တိုက်ခိုက်ဖို့ ပြင်ပ နိုင်ငံတွေကို အကူအညီ တောင်းခံထားခြင်း မရှိတာကြောင့် အနောက်နိုင်ငံ ခေါင်းဆောင်တွေက ဆီးရီးယား နိုင်ငံထဲက လေကြောင်း တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ လက်တွန့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ