ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာ နေရာတွေကို ပိတ်ဆို့ ဆန္ဒပြကြ

ဟောင်ကောင်မှာ သောင်းနဲ့ ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဆန္ဒပြသမားတွေက ဟောင်ကောင် မြို့လယ်က စီးပွားရေး အချက်အချာ လမ်းတွေမှာ ပိတ်ဆို့ နေရာ ယူထားကြပါတယ်။

ပြီးခဲ့တဲ့ တစ်ညလုံး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အရင် ရက်တွေထက် အရေအတွက် ပိုများတဲ့ ဆန္ဒပြသမားတွေ လမ်းပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ် လူငယ်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ထောင်နဲ့ ချီပြီး ဆန္ဒပြမှုမှာ ပါဝင်လာကြောင်း၊ ဆန္ဒပြမှုတွေကို တားလို့ ရတော့မှာ မဟုတ်ကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူကို တရုတ် အစိုးရ စိတ်ကြိုက် ရွေးချယ်ဖို့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသမားတွေကို ပြည်ပကနေ ထောက်ခံမှု မပြုကြဖို့ တရုတ် အစိုးရက သတိပေး လိုက်ပါတယ်။

ဟောင်ကောင်ဟာ တရုတ် နိုင်ငံပိုင် နယ်မြေ ဖြစ်လို့ ဟောင်ကောင် အရေးဟာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို ဝင်ရောက် စွက်ဖက်တာကိုမှ လက်မခံကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်။

ဗြိတိန် အစိုးရကတော့ ဟောင်ကောင်ရဲ့ သာယာ ဝပြောမှုနဲ့ လုံခြုံရေးဟာ လူ့အခွင့်အရေး ရှိမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ကျားကန် ပေးထားတာ ဖြစ်လို့ ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အဲဒီ အခွင့်အရေးတွေ အတွက် တရားဥပဒေ ဘောင်အတွင်းကနေ လှုပ်ရှား ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ အတွက် ရှေ့တက်လှမ်းမှုကို ထောက်ခံကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ