ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်

hong_kong_protest_640x360_epa_ ဓာတ်ပုံ မူပိုင် EPA
Image caption ဟောင်ကောင် ဆန္ဒပြပွဲ

ဟောင်ကောင် ကျောင်းသူ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ဘက်က ရဲ အဖွဲ့မှ လူစုကွဲအောင် မျက်ရည်ယို ဓာတ်ငွေ့ လက်နက် နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့ နောက်ပိုင်း မှာ ပြည်သူလူထု နဲ့ အလုပ်သမား တွေ ပါ ပါဝင် ဆန္ဒ ပြတဲ့ အကြောင်း City University of Hong Kong က မြန်မာကျောင်းသား ကိုရှင်းသန့် က ဘီဘီစီ ကို ပြောပါတယ်။

ကျောင်းသားတွေ ဟာ ဟောင်ကောင် မြို့ လည်ခေါင် ကို စီးထားတဲ့ အတွက် ဘဏ်တိုက်တွေ၊ စျေးဆိုင်တွေ ပိတ်ထားကြပေမယ့် စီးပွားရေး ရပ်ကွက် တခုလုံး ရပ်ဆိုင်း သွားတဲ့ အဆင့် မရောက်သေးပေမယ့် စတော့ရှယ်ယာ စျေးကွက် ကျဆင်းသွားတဲ့ အကြောင်း ရှင်းပြပါတယ်။

မြို့လယ်ခေါင်တင် မကဘဲ မြို့ရဲ့ တခြားနေရာ ကိုပါ ဆန္ဒပြသူတွေ စုရုံး နေတဲ့ အကြောင်း၊ အလုပ်သမား သမဂ္ဂတွေ နဲ့ ကျောင်းဆရာ၊ ဆရာမ သမဂ္ဂ တွေ ကပါ ဆန္ဒပြပွဲ ကို ထောက်ခံကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ကြပါတယ်။ ဒါကြောင့်မို့ အဆိုပါ သမဂ္ဂ တွေ ပါ ဆန္ဒပြမှု ထဲ ပါဝင်လာနိုင်တယ် လို့ မြန်မာကျောင်းသား ကိုရှင်းသန့် က ပြောပါတယ်။

ဆန္ဒပြသူတွေ ရဲ့ ရည်ရွယ်ချက် ဟာ ၂ဝ၁၇ ခု ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မှာ တရုတ် အစိုးရ တင်မြှောက်သူ ကို ရွေးမဲ့ အစား ဒီမိုကရေစီ နည်းနဲ့ ရွေးကောက် တင်မြှောက် ဖို့ တောင်းဆိုနေကြတာပါ။ ဒါကြောင့်မို့ လက်ရှိ အုပ်ချုပ်ရေးမှူး ကို ဖြုတ်ချဖို့ လည်း ရည်ရွယ်ထားကြပါတယ်။

တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေမှာ ကျောင်းမတက်ဘဲ ဆန္ဒပြပွဲ ဝင်ပါ ကြဖို့ လှုံ့ဆော်တဲ့ စာတွေ၊ ပိုစတာတွေ လိုက်ဝေကြောင်း လည်း မြန်မာကျောင်းသား ကိုရှင်းသန့် က ဘီဘီစီ ကို ပြောပါတယ်။