ဘဂ္ဂဒက် အနီး တိုက်ပွဲပြင်းထန်

_shiite_militia ဓာတ်ပုံ မူပိုင်
Image caption အီရတ် တိုက်ပွဲ

အီရတ် မြို့တော် ဘဂ္ဂဒက် က လာတဲ့ သတင်းတွေ အရ မြို့တော် အနောက်ဘက်ပိုင်း မှာ အစိုးရတပ်တွေ နဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် IS အဖွဲ့ အကြား၊ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ် လို့ သိရပါ တယ်။

အမေရိကန် ဦးဆောင် တဲ့ မဟာမိတ်အုပ်စု ရဲ့ လေကြောင်း ပစ်ကူတွေ ကြောင့် IS တွေဟာ ရှေ့ကို တိုးမလာ နိုင်တော့ပေမယ့်၊ သူတို့ ယူထားတဲ့ နေရာတွေ ကနေ ပြန်လည် ဆုတ်ခွာ မသွားသေးဘူး လို့ အဲဒီ့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

IS တချို့ဟာ ဘဂ္ဂဒက်မြို့တော် နဲ့ ၁၀ ကီလိုမီတာ လောက်တောင် မကွာတော့တဲ့ နေရာတွေမှာ ရောက်ရှိနေတယ် လို့လည်း ဆိုပါတယ်။

အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ၊ လက်နက်ခဲယမ်း လုံလုံ လောက်လောက် တပ်ဆင်ထားခြင်း မရှိတဲ့ အီရတ် အစိုးရတပ်တွေ ဟာ၊ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း၊ IS အဖွဲ့နဲ့ တိုက်ခိုက်ခဲ့ရာမှာ ၂ ကြိမ်တိုင်တိုင် အကြီးအကျယ် အရေးနိမ့်ခဲ့ ကြောင်း သိရပါ တယ်။

တိုက်ပွဲတွေ အတွင်း ကျဆုံးသူတွေ နဲ့ တိုက်ပွဲအပြီး IS တွေက လက်ရ ဖမ်း သတ်ဖြတ်တာ ခံခဲ့ရသူ စုစု ပေါင်းရင် အနည်းဆုံး အီရတ် စစ်သား ၄၀၀ လောက် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ အချိန်မှာပဲ၊ ဆီးရီးယား နိုင်ငံထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလာမ်မစ် ဝါဒီ လက်နက်ကိုင်တွေ ရဲ့ အန္တရာယ်ကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ တွေ အနေနဲ့ လျှော့တွက်ခဲ့ ကြတယ် ဆိုပြီး သမ္မတ အိုဘားမား က ရုပ်မြင်သံကြား အမေးအဖြေ တစ်ခု မှာ ပွင့်ပွင့် လင်းလင်း ဝန်ခံခဲ့ပါ တယ်။

အီရတ်နိုင်ငံ ထဲက အယ်လ်ကိုင်းဒါး လက်နက်ကိုင်တွေ ကို အမေရိကန် တပ်တွေက ဒေသခံ ဆွန်နီ လူမျိုးစု တွေနဲ့ အတူ လက်တွဲပြီး ချေမှုန်း နိုင်ခဲ့ပေမယ့်၊ သူတို့ဟာ အိမ်နီးချင်း ဆီးရီးယား နိုင်ငံထဲက အခြေအနေ တွေကို အခွင့်ကောင်း ယူပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ အနေနဲ့ ပြန်လည် ခေါင်းထောင် လာခဲ့တာ ဖြစ်တယ် ဆိုပြီးတော့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ