ဟောင်ကောင် အလွှဲအပြောင်း သမိုင်းကြောင်း

hong_kong_protest_prom ဓာတ်ပုံ မူပိုင် Getty
Image caption အိမ်မပြန်ဘဲ ဆန္ဒပြဆဲ ကျောင်းသားများ

ကနေ့ဟာ တရုတ် အမျိုးသားနေ့ ဖြစ်တဲ့ အတွက် ရုံးပိတ်ရက်လည်း ဖြစ်တဲ့ အတွက်၊ ကျောင်းသား တွေ ဦးဆောင်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲ ဟာ သိန်းဂဏန်း အထက် ရှိဖို့ များနေပါပြီ။ ဟောင်ကောင် ပြည်သူတွေ ဘက်ကလည်း သူတို့ ဟာ တရုတ် အစိုးရ ဘက်က ပေးထားတဲ့ ကတိ ကို ဖေါက်ဖျက် တယ် လို့ ခံစား နေရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ချားလ်စ် စကန်လင် က သုံးသပ်ပါတယ်။

ဗြိတိသျှ အစိုးရ က ၁၉၉၇ ခုနှစ် မှာ ဟောင်ကောင် ကို တရုတ်အစိုးရ လက်ထဲ လွှဲပြောင်း ပေးလိုက် တဲ့ အခါမှာ တရုတ် အစိုးရ က ဟောင်ကောင် ပြည်သူတွေ ကို ဒီမိုကရေစီ အနာဂတ် ကို ဖန်တီးပေးပါ့မယ် လို့ ကတိပေးခဲ့တာပါ။ ဒါကြောင့်၊ အခုလို တရုတ် အစိုးရ ဘက်ကနေ၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကို တောင်၊ လွတ်လပ်စွာ မဲပေးခွင့် မရှိတဲ့ အတွက်၊ ဟောင်ကောင် ဒီမိုကရက်တွေ ဟာ ၁၉၈၉ ခုနှစ် က တီယန်နန်မင် ရင်ပြင် ဘက်ဆီ တင့်ကားတွေ စေလွှတ်ပြီး၊ ဆန္ဒပြ ပြည်သူတွေ ကို ချေမှုန်း ဖို့ အမိန့်ပေးခဲ့တဲ့ တရုတ် ခေါင်းဆောင်ဟောင်း တိန့်ရှောင်ပိန့် သုံးခဲ့တဲ့ စကားလုံးတွေ ကို ကိုးကားပြီး၊ လက်ရှိ ခေါင်းဆောင် သမ္မတ ရှီဂျင်းပင် ကို အရှက် ရစေခဲ့ပါတယ်။

သမ္မတဟောင်း တိန့်ရှောင်ပိန့် တုန်းကလည်း၊ တနိုင်ငံ စနစ်နှစ်မျိုး ကျင့်သုံးပါ့မယ် လို့ ဆိုခဲ့ ပေမဲ့ နှစ်ကြာလာတာနဲ့ အမျှ ဟောင်ကောင် ရဲ့ အနာဂတ် ဟာ အမြဲလို မတင်မကျ နဲ့ ဝေဝါးခဲ့ရပါတယ်။ တရုတ် အစိုးရ ဟာ ၂၀၁၇ ခုနှစ်ကျရင် အခြေခံဥပဒေ အရ အားလုံးမဲပေးပိုင်ခွင့် ရှိစေမယ် လို့ ဆိုခဲ့ဖူး သလို ပြီးခဲ့ တဲ့ သြဂုတ်လ ကလည်း တိုက်ရိုက် မဲပေးခွင့် ပြုမယ် လို့ ဆုံးဖြတ်ပြီး မှ သူတို့ စိတ်ကြိုက် ခေါင်းခေါက် ရွေးထားတဲ့၊ သူတို့သြဇာခံ လက်တဆုပ်စာ လူတွေ ကိုဘဲ၊ ရွေးခွင့် ကန့်သတ် လိုက်တဲ့ အတွက်၊ ဟောင်ကောင် လူထု ရဲ့ မြှော်မှန်းချက်တွေ လွင့်ပါးခဲ့ ရပါတယ်။

ဗြိတိသျှ အစိုးရ ဒုတိယဝန်ကြီးချုပ် နစ်ကလပ် ကလည်း၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ကို ဆင့်ခေါ်ပြီး ပြောမဲ့ အကြောင်းကတော့ တရုတ် အစိုးရ အနေနဲ့ ဟောင်ကောင်ပြည်သူတွေ ရသင့်ရထိုက်တဲ့ နိုင်ငံတကာ စံနှုန်းနဲ့ အညီ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ကို ငြင်းပယ်နေတဲ့ အပေါ် မှာ စိတ်ပျက်ပြီး အံ့သြမိတဲ့ အကြောင်း၊ ၁၉၈၄ ခုနှစ် က ဝန်ကြီးချုပ် မာဂရက် သက်ချာ လက်ထက် မှာ တရုတ်နဲ့ ဗြိတိသျှ အစိုးရ တို့ဟာ ဟောင်ကောင် လွှဲပေးရေး လက်မှတ်ထိုး ကြေငြာချက် ထုတ်ပြန်ကတည်းက ဟောင်ကောင်ပြည်သူတွေ အနေနဲ့ သူတို့ စိတ်ကြိုက် ခေါင်းဆောင် ရွေးခွင့် ဆိုတဲ့ အချက် ပါဝင်ခဲ့ပုံ ကို ရှင်းပြသွားတာပါ။

ဒါကြောင်မို့ ဟောင်ကောင်ပြည်သူတွေ ဘက်ကလည်း တရုတ်ကွန်မြူနစ် ခေါင်းဆောင်တွေ၊ နောက်ထပ် နှစ်၅ဝ လှည့်ဖျားတာ ကို မခံနိုင်တော့ လို့ ခေတ်လူငယ် ကျောင်းသားတွေ က အစပြုလို့ လမ်းမထွက် ဆန္ဒပြ တောင်းဆိုတဲ့ အဆင့် ရောက်လာတာကို ဘီဘီစီ သတင်းထောက် ချားလ်စ် စကန်လင် က သုံးသပ်ပြတာပါ။