ဟောင်ကောင် အစိုးရကို တရုတ် ကျားကန်ပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီကနေ့ ကြာသပတနေ့ ည သန်းခေါင် နောက်ဆုံးထားပြီး အုပ်ချုပ်ရေးမှူး နှုတ်ထွက် ပေးဖို့ တောင်းဆိုထား

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေ အနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း လူစုခွဲ ကြဖို့ တောင်းဆို လိုက်တဲ့ ဟောင်ကောင် အုပ်ချုပ် ရေးမှူး စီဝိုင် လုံ CY Leung ကို တရုတ် အစိုးရပိုင် သတင်းဌာနက လှိုက်လှိုက် လှဲလှဲ ထောက်ခံလိုက်ပြီး သူ့ရဲ့ ဆောင်ရွက်ချက်တွေ အတွက် ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လုံ အနေနဲ့ ဒီကနေ့ည သန်းခေါင် အချိန် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက် ပေးဖို့နဲ့ အဲဒီလို နှုတ်ထွက် မပေးဘူး ဆိုရင် အစိုးရ အဆောက်အဦး တွေကို ဝင်သိမ်းမယ်လို့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တွေက တောင်းဆိုလိုက် အပြီးမှာ တရုတ် ကွန်မြူနစ် ပါတီရဲ့ People's Daily သတင်းစာက စီဝိုင်လုံကို အခုလို အားပေး ထောက်ခံလိုက်တာပါ။

ဆန္ဒပြမှုတွေ ဟောင်ကောင် မြို့အနှံ့ ဖြစ်ပွားနေတာ ၅ ရက်မြောက် ရှိလာနေပြီ ဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်လာနေတဲ့ လက္ခဏာတွေကိုလည်း တွေ့လာနေရပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အစိုးရရုံး နေရာတွေကို ပိတ်ဆို့ ထားကြပေမယ့် ရုံးတွေ ပြန်ဖွင့်မယ့် သောကြာနေ့မှာ ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြမှာ ဖြစ်တယ်လို့ ဟောင်ကောင် အစိုးရက ပြောပါတယ်။

အစောပိုင်းကလည်း မစ္စတာ စီဝိုင်လုံနဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ကို အပြည့်အဝ ထောက်ခံကြောင်း တရုတ် အစိုးရက ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ