တောင်နဲ့ မြောက်ကိုးရီးယား အဆင့်မြင့် ဆွေးနွေးပွဲ ပြန်စမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်နဲ့ မြောက်အကြား ၅နှစ်တာ ကာလအတွင်း အဆင့် အမြင့်ဆုံး ဆွေးနွေးခဲ့

မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုတိယ သြဇာ အကြီးဆုံး ပုဂ္ဂိုလ် လို့ ယူဆရတဲ့ ဝှမ် ပြုန်းဆို ဟာ တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံ အကြား ၅နှစ်ကြာ ကာလအတွင်း အဆင့်အမြင့် ဆုံး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ ဆိုးလ်မြို့ကို ရုတ်တရက် ရောက်လာခဲ့ပါတယ်။

ဝှမ် ပြုန်းဆို ဟာ အာရှအားကစား ပွဲတော် ပိတ်ပွဲ အခမ်းအနား တက်ဖို့ အင်ချွန်းမြို့ကို လေယာဉ်နဲ့ ရောက်ရှိလာတာ ဖြစ်ပေမယ့် တောင်နဲ့ မြောက် ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ တောင်ကိုးရီးယား ဝန်ကြီးနဲ့လည်း ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း အဆင့်မြင့် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ကိုလည်း နှစ်ဘက်စလုံးက သဘောတူခဲ့ကြပါတယ်။

လူထုကြား တလကြာလောက် မတွေ့ရတဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန် အွန်းရဲ့ ကျန်းမာရေး နဲ့ပတ်သက်လို့ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ထွက် နေချိန်မှာပဲ ဝှမ် ပြုန်းဆို တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။