ကိုဘာနီမြို့မကျရေး ကူကြဖို့ ကုလသမဂ္ဂပြော

us_air_304x171 ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် လေကြောင်း တိုက်ပွဲ

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စလှယ် Stefan de Mistura က ကိုဘာနီမြို့ ကို အိုင်အက်စ် အစ္စလာမ်မစ် အဖွဲ့ရဲ ထိုးစစ်ဆင် တိုက်နေမှု တွေ ကို မြို့ခံ တွေ အလူးအလဲ ခုခံ ကာကွယ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ ဝိုင်းဝန်း အကာအကွယ်ပေး ကြဖို့ ဂျနီဗာ မြို့ မှာပြောတဲ့ အကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘီဘီစီ သတင်းထောက် နစ်ခ်ဘရိုင်းရင့် က သတင်း ပို့လိုက်ပါတယ်။

ကိုဘာနီမြို့ခံ တွေ ဟာ အိုင်အက်စ် အဖွဲ့ ကို တွန်းလှန်ရာမှာ လက်နက်အင်အား လည်းမမျှပုံ ကို ပြောပါတယ်၊ ဒါပေမဲ့ အမေရိကန် နဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ရဲ့ လေကြောင်း စစ်ဆင်ရေး ကြောင့်၊ ကိုဘာနီ တမြို့လုံး အိုင်အက်စ် အဖွဲ့ လက်ထဲ မကျသေးပေမဲ့ အသေအပျောက်၊ ဒဏ်ရာရသူ များ တာ ကို Stefan de Mistura က ထောက်ပြပါတယ်။ သူပြောတဲ့ စကားထဲမှာ မြေပြင်တပ် အကူအညီ ပါ လိုအပ်နေပြီ ဆိုတာ တော့ မပြောသွားပါဘူး။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် မှ ပြောခွင့်ရ ရေတပ် ဗိုလ်ချုပ် ဂျွန်ကာဘီ က ကိုဘာနီ မြို့ဟာ အိုင်အက်စ် အတွက် အချက်အချာ ကျလို့ သိမ်းပိုက် လိုတာ ဖြစ်ကြောင်း ဘီဘီစီ ကို ရှင်းပြ ပါတယ်။ ကိုဘာနီမြို့ဟာ ဆီရီးယား နဲ့ တူရကီ နယ်စပ်မြို့ ဖြစ်နေ လို့ သူတို့ အတွက် စစ်ဗျူဟာ အရ အရေးပါ နေတဲ့ အကြောင်း၊ ဒါကြောင့် မြို့သိမ်းတိုက်ပွဲ ကို စစ်ဆင်နေ သလို၊ အခုလည်း မြို့ဆင်ခြေဖုံး တဝိုက် ကို အိုင်အက်စ် တပ် သိမ်းထားတာ ကို သိတာရယ်၊ ဒါကြောင့်မို့လည်း သူတို့ ကို ဆီးရီးယား ဘက်ခြေကုပ်ယူ၊ ခိုလှုံခွင့် မရအောင်၊ လေကြောင်း တိုက်ပွဲ ဆင်ရတာပါ လို့ ရှင်းပြပါတယ်။

ကိုဘာနီ မြို့ မှ ကဒ့်စ် တိုက်စစ်မှူး မေစာ အက်ဘ်ဒူ က အမေရိကန် ရဲ့ လေကြောင်း တိုက်ခိုက်မှု ဟာ ထိရောက်ပေမဲ့၊ စောစော ကသာ အခုလို စစ်ကူခဲ့ရင်၊ ကိုဘာနီ မြို့ နားကို အိုင်အက်စ် တပ်ချဉ်းကပ်လို့ မရနိုင်ကြောင်း ပြောပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်း စစ်ဆင်မှု ကြောင့် အိုင်အက်စ် တွေ ရဲ့ လက်နက်ကြီးတွေ ကို ချေမှုန်းနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ည ကစလို့ နေ့လည်ပိုင်း အထိ ဝေဟင် ထိုးစစ်တွေ ကြောင့် အိုင်အက်စ် တွေ မြို့ ကိုမသိမ်းပိုက် နိုင်ခဲ့ ပါဘူး။ ဒီထက်စောစော ကသာ တိုက်ပေးခဲ့ရင်၊ လူတွေ လည်း သေကျေ ဒဏ်ရာ ရစရာ မရှိတဲ့ အကြောင်း ပြောသွားတာပါ။