ဟွဒ်ဟွဒ် ဆိုင်ကလုံး အန္တရာယ် ကြိုပြင်ဆင်

cyclone_hudhud ဓာတ်ပုံ မူပိုင် bbc
Image caption ဟွဒ်ဟွဒ် ဆိုင်ကလုံး လမ်းကြောင်း

ဟွဒ်ဟွဒ် လို့ အမည် ပေးထားတဲ့ ဆိုင်ကလုံး မုန်တိုင်း ဟာ ဒီမနက် မှာ အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်ခြမ်း အင်ဒြာပရာဒက်ရ် ပြည်နယ် ကို ဝင်ဖွယ်ရှိလို့ အာဏာပိုင်တွေ ဟာ ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ် ထားတဲ့ အကြောင်း တောင်အာရှ ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျီလ်မက်ဂစ်ဗရင်း က သတင်းပေးပို့ လိုက်ပါတယ်။

ဒီမုန်တိုင်း ဟာ ဘင်္ဂလားပင်လယ်ပြင် မှာ အရှိန်ယူယင်း အားကောင်း လာတဲ့ အတွက် ပြင်းထန်တဲ့ လေ ရော မိုးပါ၊ သယ်ဆောင် လာမှာမို့၊ အင်ဒြာပရာဒက်ရ် ပြည်နယ် အတွင်းရှိ မြေနိမ့် အရပ်နေ လူတွေ ကို ကုန်းမြင့်ရာ အရပ်ဘက်ဆီ ကို အလျင် အမြန် ရွှေ့ပြောင်း ပေးနေရပါတယ်။ အခုဆိုရင် လူပေါင်း ၅ သိန်း ကျော် ကို ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ သူတို့ အတွက် နေစရာ၊ စားစရာ၊ သောက်ရေ ပါ အသင့်ဖြစ်စေတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ လည်း ရာနဲ့ချီ ဖွင့်လှစ် ထားပေး ပါတယ်။

ဒါကို အထူးကယ်ဆယ်ရေး ကော်မရှင်နာ မင်းကြီး ပရာဒိ ကူမားမိုဟာပါတြာ က၊ သူတို့ တဖွဲ့လုံး အင်အားအပြည့် ဖြည့်ထား တဲ့ အကြောင်း၊ အစိုးရ အရာရှိတွေ ကိုယ်တိုင် ကွင်းဆင်းပြီး၊ မုန်တိုင်း အရှိန်နဲ့ ရေလွှမ်းမိုးလာမဲ့ နေရာ က လူတွေ ပါ ကယ်ဆယ်နိုင်အောင်၊ တပ်လှန့်ထား သလို၊ သဘာဝ ဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ လည်း ဒီ ခရိုင်ထဲ ရောက်နေကြပါပြီ လို့ ပြောတာပါ။

ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ကိုယ်တိုင် မုန်တိုင်းအန္တရာယ် ကြိုတင် ပြင်ဆင် ထားတာတွေ ကို စစ်ဆေး ပေးနေယင်း အစိုးရ ကိုယ်တိုင် အလေးအနက် ထားတာ ကို ပြသ နေပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး အာဂျင်ဒြာ ဘဟာဒူး ဆင်း ကလည်း၊ အိန္ဒိယ ရေတပ် လည်း မုန်တိုင်း အခြေအနေ ကို အသင့်စောင့် ကြည့်နေကြောင်း ပြောယင်း၊ ရေတပ်လည်း အသင့်ရှိနေပါပြီ။ ရေလုပ်သားတွေ ကို ဒီရက်ပိုင်း၊ ပင်လယ်ပြင် မထွက်ဖို့၊ ပင်လယ်ထဲ ငါးဖမ်းထွက်နေတဲ့ တံငါလှေ တွေ လည်း ကမ်းပြန်ကပ် ဖို့ နှိုးဆော် နေပါတယ် လို့ ပြောတာပါ။ ဒါ့အပြင် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့၊ ဟိုက်ဒြာဘတ် က တပ်ဖွဲ့ဝင် ၄၀၀ ပါ စစ်တပ် လည်း ရောက်ဖို့ ရှိနေကြောင်း ရှင်းပြတာပါ။

၁၉၉၉ ခုနှစ် က၊ အင်ဒြာပရာဒက်ရ် ပြည်နယ် နဲ့ ကပ်လျက်ရှိတဲ့ သြရဿ ပြည်နယ် ကို ပြင်းထန် တဲ့ ဆိုင်ကလုံး ဝင်ခဲ့လို့၊ လူပေါင်း တသောင်းကျော် သေဆုံးခဲ့ရတဲ့ သဓကလည်း ရှိခဲ့တဲ့ အကြောင်းဘီဘီစီ သတင်းထောက် က သတင်းပေးပို့ လိုက်ပါတယ်။