အီဘိုလာကြောင့် အာဖရိက စီးပွားရေး ထိခိုက်

4_bbc_304x171_bbc_
Image caption အနောက်အာဖရိက သတ္တုမိုင်း လုပ်ငန်း

အီဘိုလာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ဟာ ကျန်းမာရေး ပိုင်း တင် ထိခိုက် စေတာ မဟုတ်တော့ပဲ၊ အနောက် အာဖရိက ရဲ့ စီးပွားရေး အပိုင်း မှာပါ သက်ရောက်မှု ရှိလာ တာ ကို ဘီဘီစီ သတင်းထောက် မာခ့်ဒွိုင်းလ် က သတင်း ပေးပို့ လိုက်ပါတယ်။

အီဘိုလာ ပြန့်နှံ့မှု မရှိခင် က ဆိုရင်၊ လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်း နဲ့ ဂီနီ နိုင်ငံတွေ ဆိုရင် စီးပွားရေး တိုးတက်မှု နှုန်းထား မြင့်နေခဲ့တာပါ။

အခုဆိုရင် လယ်ယာမြေတွေ ကို လယ်သမားတွေ က စွန့်ပစ် ထားခဲ့သလို၊ သတ္တုတွင်း တွေ ရှိရာ မိုင်းတွင်း တွေ လည်း ပိတ်ကုန် ကြပါတယ်။ အဓိက ကတော့ ဒီဒေသတွင်းရှိ လူတွေ ဟာ သွေးပျက်နေကြပြီး၊ တယောက်နဲ့ တယောက် ရောဂါပိုးများ ရှိနေ ပြီလား ဆိုပြီး၊ အနားတောင် မကပ်ရဲ အောင် မယုံသင်္ကာစိတ် တွေ ဝင်နေ ကြပါတယ်။ လိုင်ဘေးရီးယား က ပျားပန်းခပ် စည်ကားလေ့ ရှိတဲ့ စျေးတွေ မှာ ဆိုရင်လည်း၊ ပိတ်တဲ့စျေးကပိတ်၊ ရောင်းသူဝယ်သူ ပါးသွားလို့ သာမန် စျေးသာသာ ပဲ ကျန်တာကို တွေ့ ရတယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။ နိုင်ငံခြားသာ အတတ်ပညာရှင်တွေ နဲ့ အင်္ဂျင်နီယာ အများ အပြား ဟာ ရောဂါပြန့်နေ တဲ့ ဒေသ ကို စွန့်ခွာ သွား ကုန်ကြပါပြီ။

လိုင်ဘေးရီးယား က ကြီးမားတဲ့ မိုင်းတွင်း ကုမ္ပဏီ ကြီး ၁၂ ခု ထဲ က ၉ ခု ဟာ ပိတ်ပစ်လိုက်သလို၊ တချို့ မိုင်းလုပ်ငန်းတွေ ကို လျှော့ချ ပစ်တာမျိုး လည်းရှိနေပါတယ်။

ကုလသမဂ္ဂ မှ အဆင့်မြင့် စီးပွားရေး ပညာရှင် ကနာယို နွမ်ဇီ က ဆိုရင်၊ လယ်သမားတွေ ဆိုရင် သူတို့ လယ်မြေတွေ ကို ပစ်သွားကြလို့ စားပင်သီးနှံ တွေ ပုပ်သိုး ပျက်စီး ကုန်လို့ စားနပ်ရိက္ခာ ပြတ်လပ်မှု လည်းရှိနေ တဲ့ အကြောင်း၊ ဆီယာရာ လီယွန်းမှာ ဆိုရင် လယ်မြေ ၄၀ ရာခိုင်နှုန်း ကို လယ်သမားတွေ က စွန့်သွားကြပါပြီ။ ဒေသတွင်း ကုန်သွယ်မှု တွေလည်း အကြီးအကျယ် ထိခိုက်နေပါတယ် လို့ ရှင်းပြသွားတာပါ။

နိုင်ငံတကာ အနေနဲ့လည်းကူညီပါ့မယ် ပြောပေမဲ့ ရောဂါကူးစက်မှာ ကိုလည်း ကြောက်နေလို့၊ သတိနဲ့ ဖြေးဖြေးချင်းသာ ကူညီဆောင်ရွက်မှု ပြုနေတယ် လို့ ဘီဘီစီ သတင်းထောက် မာခ့်ဒွိုင်းလ် က ပြောပါတယ်။