နီပေါ တောင်တက်သမား ၄၀ ကို ထပ်မံ ကယ်ထုတ်

ဓာတ်ပုံ မူပိုင် epa
Image caption ခုချိန်ထိ သေဆုံးသူ ၂၉ ဦး ရှိပြီ

နီပေါနိုင်ငံ ဟိမဝန္တာတောင်မှာ အခု သီတင်းပတ် အစောပိုင်းတုန်းက ရုတ်တရက် တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် တောင်တက်သမားတွေ၊ လမ်းပြတွေနဲ့ အထမ်းသမားတွေ အတော်များများ သေဆုံးခဲ့တဲ့ တောင်ကြား နေရာကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေ အရောက် သွားနိုင်ခဲ့ကြပြီး လူ ၄၀ ကျော်ကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီ လူတွေထဲက တချို့က အခြေအနေ စိုးရိမ်ရပြီး ဒေသန္တရ ကျန်းမာရေး စခန်းတခုမှာ ဆေးကုသမှု ခံနေကြပါတယ်။

နှင်းမုန်တိုင်းနဲ့ ရေခဲတောင် ပြိုကျမှုတွေ ဖြစ်ပွားခဲ့ချိန်မှာ အဲဒီ နေရာမှာ တောင်တက်သမားတွေနဲ့ ပြည့်နှက်နေပြီး နီပေါလူမျိုးနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၂၉ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြု သိရပါတယ်။

နှင်းမုန်တိုင်း ကျခဲ့ချိန်မှာ သေလုမတတ် အေးခဲသွားခဲ့ပြီး ဘာမှ မမြင်ရတော့ပဲ စမ်းတဝါးဝါးနဲ့ ရှေ့ကို လျှောက်ခဲ့ရကြကြောင်းနဲ့ အထမ်းသမားတွေဟာ သင့်တော်တဲ့ အဝတ်တွေ ဖိနပ်တွေကို ဝတ်ဆင်ထားတာမျိုး မရှိကြောင်း အသက်ရှင် လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။

နှင်းတွေ အောက်မှာ ဖုံးနေတဲ့ အလောင်းတွေ ကျန်နေနိုင်လို့ သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကြာသပတေး နေ့က စပြီး ခုချိန်ထိ လူ ၂၀၀ ကို ကယ်ထုတ် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ