ပုပ်ရဟန်းမင်းကြီးရဲ့အဆို အရေးနိမ့်

Pope ဓာတ်ပုံ မူပိုင် AP
Image caption ပုပ်ဖရန်စစ်

လိင်တူချင်း စုံမက်သူတွေ၊ အိမ်ထောင်ရေး ပြတ်စဲပြီး နောက်အိမ်ထောင်ပြုသူတွေနဲ့ ဘာသာရေး မပါဘဲ လက်ထပ် ထိမ်းမြားသူတွေ အပေါ် ရိုမန် ကက်သလစ်ကျောင်းတော်ရဲ့ သဘောထား ပြောင်းဖို့ ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ် ရဲ့ ကြိုးပမ်းမှု အရေးနိမ့် သွားခဲ့ပါတယ်။

ဗာတီကန်နန်းတော်က ၂ ပတ်ကြာ ညီလာခံကြီး အပြီးမှာ ဒီကိစ္စတွေ နဲ့ ပတ်သက်တဲ့ အဆိုကို ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၃ ပုံ ၂ ပုံ ရဲ့ ထောက်ခံမှု မရဘဲ အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။

လက်ထပ်ခွင့် နဲ့ မိသားစုအရေးတွေနဲ့ပတ်သက်ပြီး ကက်သလစ်တရားတော်တွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဝိနည်း ဥပဒေတွေရဲ့ စကားလုံးတွေထဲမှာပဲ ပိတ်မိမနေကြဖို့ ပုပ် ဖရန်စစ်က ညီလာခံကြီးအစမှာ ဘုန်းတော်ကြီး တွေကို တိုက်တွန်းခဲ့ပါတယ်။

လိင်တူချစ်သူတွေ၊ အိမ်ထောင်ပျက်ပြီးနောက် နောက်အိမ်ထောင်ပြုသူတွေဟာလည်း ခရစ်ယံအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်တဲ့ အရည်အသွေးတွေ ရှိကြတယ်လို့ ပုပ်ဖရန်စစ်ရဲ့ အဆိုပြု ရေးသားခဲ့ပါတယ်။

နောက်ဆုံး အတည်ပြုလိုက်တဲ့ စာတမ်းမှာတော့ လိင်တူ ချစ်သူတွေကို ခွဲခြားဆက်ဆံမှု မလုပ်ဖို့လောက်ကိုပဲ ဖော်ပြပါတယ်။

ဒါပေမယ့် နောက်တစ်နှစ်အကြာ ဒီထက်ကြီးတဲ့ ညီလာခံမှာတော့ ဒီအကြောင်း ထပ်ပြီး ဆွေးနွေးဖွယ်တော့ ရှိနေပါတယ်။