အီဘိုလာရောဂါ လူမှုရေး ပြဿနာဖြစ်ပေါ်

ebola ဓာတ်ပုံ မူပိုင် AP
Image caption အီဘိုလာကြောင့် လူမှုရေး၊ စီးပွားရေး ပြဿနာတွေ ဖြစ်ပေါ်

လိုက်ဘေး ရီးယားတို့ ဆီယာရာ လီယွန်း တို့မှာတော့ အီဘိုလာ ရောဂါ ဖြစ်နေပြီလို့ ဆရာဝန်က အပြော ခံလိုက်ရ တာဟာ သေမိန့်ပေး လိုက်တာနဲ့ အတူတူ လိုပါပဲ။

အီဘိုလာဟာ ကျန်းမာရေး ပြဿနာ သာမက လူမှုရေး ပြဿနာ လည်း ဖြစ်ပါတယ်။ အီဘိုလာကြောင့် ဘဝပျက် သွားတဲ့ မိသား စုတွေ မနည်း ပါဘူး။

၁၃ နှစ် အရွယ် ရှိတဲ့ ဆီယာရာ လီယွန်းက မိန်းကလေး တယောက်ဟာ သူ့မောင်လေး နှစ်ယောက်နဲ့ အသက်ရှင် ကျန်ရစ် ပါတယ်။ တဦး တည်းသော မိဘဖြစ်တဲ့ သူတို့ အမေက မရှိ တော့ပါဘူး။

"တမနက်မှာ ကျမ အမေက ခေါင်းကိုက်တယ် လို့ပြောပါတယ်။ သူ့ကြည့် ရတာ အားနည်း နေသလိုပါပဲ။ သူက ကျမကို ဆွတ်ပြုပ် ပြုပ်ဖို့ ပြောပါတယ်။ အဲဒီဆွတ်ပြုပ်ကိုတောင် သူသောက်မသွားလိုက်ရပါဘူး။ ဘယ်တော့မှလည်း သောက်နိုင်တော့မှာ မဟုတ်ပါဘူး"လို့သူက ပြောပြပါတယ်။

နောက်ထပ် ကလေးလေး တယောက်ဆိုရင် အသက်က ဆယ်နှစ်လောက်ပဲရှိပါတယ်။ သူ့တယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။

"ကျနော်တို့ အဖေလည်း သေသွားပြီ။ ကျနော်တို့မိထွေးလည်း သွားပြီ။ ကျနော်တို့ အဖွားလည်း သွားပြီ။ ကျနော်အကိုလည်း သွားပြီ။ နောက်ပြီးတော့ ကျနော့်အမအားလုံးသေသွားကြပြီ။ ဘယ်သူမှလည်း ကျနော်တို့ကို မကူညီကြဘူး" လို့ပြောသွားတာဖြစ်ပါတယ်။

အီဘိုလာဖြစ်နေတဲ့ အရပ်မှာ စစ်ပွဲကြီးဖြစ်ပွားနေသလိုပဲ နေ့သေမလား၊ ညသေမလား ကျီးလန့်စာစား ဖြစ်နေကြပါတယ်။ မသေရင်တောင်မှ ကံဆိုးမိုးမှောင်တော့ ကျပါသေးတယ်။

မိသားစု တခုမှာ အဓိကလုပ်ကိုင်ကျွေးမွေးနေတဲ့ ခင်ပွန်းဖြစ်သူက ကွယ်လွန်သွားပါတယ်။ ကလေးတွေနဲ့ ကလေးအမေပဲ ကျန်ရစ်ပါတယ်။

ပိုဆိုးတာက ပတ်ဝန်းကျင် တခုလုံးက သူတို့ကို မဆက်ဆံကြတော့တာပါပဲ။ သူတို့ကို ကြောက်စရာ လူသား တွေအဖြစ်နဲ့ ဝိုင်းပယ်ထားကြတယ်။ သူတို့နဲ့ ပတ်သက်ရမှာကို ကြောက်ကြတယ်။ သူ့ယောက်ျားရဲ့ မိတ်ဆွေတွေ ကလည်း သူဖုန်းဆက် ရင်တောင် ဖုန်းမကိုင်ချင်တော့ဘူးလို့ ဆိုပါတယ်။

နောက်ထပ် တခြား လူငယ် တယောက် ကတော့ အီဘိုလာ ရောဂါဖြစ်ပြီးမှ ပျောက်ကင်းပြီး အသက်ရှင် လာရသူပါ။ အလွန် ကံကောင်းသူ တယောက်လို့ ယူဆစရာဖြစ်ပါတယ်။ ဒါပေမဲ့ သူလည်း ကံမကောင်းပါဘူး။ သူ့ကို အီဘိုလာ ဖြစ်ချိန်မှာ တခြား လူတွေနဲ့ အထီးကျန် သီးခြား ခွဲထားပြီး ရောဂါ ကုပေးခဲ့ပါတယ်။ အခု အီဘိုလာ ပျောက်ပြီး တော့လည်း သူ့မှာ အထီးကျန် ဖြစ်နေပါတယ်။

လိုက်ဘေးရီးယား ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးက တနင်္လာနေ့ တုန်းက အီဘိုလာ ရောဂါ ပျောက်ကင်းပြီး သူတွေကို ဝိုင်းပယ် မထား ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒါပေမဲ့ ခက်တာက သူတို့မှာ အီဘိုလာ ရောဂါ ပျောက်သွားပြီ ဆိုတာကို လူတွေက မယုံကြပါဘူး။ ဘာပဲဖြစ်ဖြစ် ရှောင်နေလိုက်တာက အန္တရာယ် ကင်းတယ်လို့ပဲ သဘောထား ကြပါတယ်။

အီဘိုလာဟာ ကျန်းမာရေး အရသာမက၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံကို ထိုးနှက် တိုက်ခိုက် နေတာကို တွေ့ရပါတယ်။