၂၀၁၅နှစ်လယ် မတိုင်ခင် အီဘိုလာဆေး သိန်းနဲ့ချီ ရနိုင်မယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ကာကွယ်ဆေး ၂မျိုးကို စမ်းသပ် ထုတ်ခဲ့ပြီးပြီလို့ WHO ပြော

အနောက်အာဖရိက ဒေသမှာ အီဘိုလာ ရောဂါ စမ်းသပ်ကာကွယ်ဆေးတွေ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး ပို့ဆောင်ပေးရေးတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမယ့်အကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဂျီနီဗာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ WHO လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာရီ ပေါလ် ကီယဲနီ က ၂၀၁၅ ခုနှစ် နှစ်လယ်မတိုင် အီဘိုလာ ကာကွယ်ဆေး ၂သိန်းလောက် အဆင်သင့် သုံးနိုင်တော့မယ်လို့ ပြောပါတယ်။

ကာကွယ်ဆေး နှစ်မျိုးကို လူတွေမှာ စမ်းသပ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ နောက်ထပ် ၅မျိုးကိုလည်း ထုတ်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

အီဘိုလာ ရောဂါကြောင့် အခုအခါ လူပေါင်း လေးထောင့် ၉ရာ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မာလီနိုင်ငံမှာ ပထမဆုံး အနေနဲ့ မိန်းကလေးငယ် တဦး အီဘိုလာ ရောဂါ ကူးစက်ခံခဲ့ရနဲ့ ထိတွေ့မိခဲ့သူ လူ၄၀ကျော်လောက်ကို အာဏာပိုင်တွေက စောင့်ကြည့် စစ်ဆေးနေပါတယ်။

အဲဒီထဲက လူ ၁၀ဉီးဟာ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

အီဘိုလာ ရောဂါ တိုက်ဖျက်ဖို့အတွက် WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးကလည်း မာလီနိုင်ငံကို ကျွမ်းကျင်သူတွေ ထပ်လွှတ်ထားပါတယ်။

မာလီနိုင်ငံဟာ အနောက်အာဖရိက ဒေသမှာ ၆နိုင်ငံမြောက် အီဘိုလာ ရောဂါ ကူးစက် ခံခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။