ပါကစ္စတန်နယ်စပ် ဗုံးပေါက်ကွဲမှု လူ ၅၀ ကျော်သေဆုံး

pakistan blast ဓာတ်ပုံ မူပိုင် Reuters
Image caption ပါကစ္စတန် အသေခံဗုံးခွဲမှုကြောင့် လူအများ ဒဏ်ရာရ

ပါကစ္စတန်နဲ့ အိန္ဒိယ နယ်စပ် ဖြတ်ကျော် ကူးလမ်း ဖြစ်တဲ့ ဝါဂါဂိတ် အနီးမှာ အသေခံ ဗုံးဖောက်ခွဲ မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့ပါတယ်။

အနည်းဆုံး နောက်ထပ် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရ ထားပါတယ်။ ဒဏ်ရာရ ထားသူတွေထဲမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက် အန္တရာယ် စိုးရိမ်ရသူတွေလည်း အများအပြားပါဝင်တဲ့ အတွက်သေဆုံးသူ ဦးရေဟာ တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဝါဂါဂိတ်ဟာ တခုတည်းသောနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းဖြစ်ပါတယ်။

ဒီလမ်းကြောင်းကို ဖြတ်ကျော်ပြီး ကုန်ကားတွေ နေ့စဉ်လိုလို သွားလာနေကြပါတယ်။ ကုန်တင်ကုန်ချလုပ်ငန်းတွေနဲ့ အမြဲလိုလို စည်ကားနေတဲ့ နေရာဖြစ်ပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာတော့ နယ်စပ်မှာ စစ်ရေးပြချီတက်ပွဲရှိတဲ့အတွက် လူအများအပြားလာရောက် ကြည့်ရှုကြလို့ ခါတိုင်းထက်တောင် ပိုစည်ကားချိန်လည်း ဖြစ်ပါတယ်။ အခန်းအနားပြီးကာစ အချိန်လောက်မှာ အသေခံတိုက်ခိုက်သူဟာ စားသောက်ဆိုင်တဆိုင်အနားကို ချဉ်းကပ်လာပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ထောက်လှမ်းရေးရုံးထဲမှာ ထိုင်နေသူတဦးကတော့ ပေါက်ကွဲမှုကို ကိုယ်တိုင် မြင်လိုက်ရပါတယ်။

ပေါက်ကွဲသံထွက်ပေါ်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လွင့်စဉ်လာတာတွေ ဒဏ်ရာရတဲ့လူတွေ မိန်းမနဲ့ ကလေးတွေ ကြေမွ ပျက်စီးနေတဲ့ ကားတွေကို သူတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်သွေးကြွအုပ်စု ၃ ခုက သူတို့လုပ်တာပါလို့ ပြောနေကြပါတယ်။ ရုရှားအုပ်စုတစုက သူတို့ လုပ်တာပါလို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဂျင်ဒဲလာ အဖွဲ့ကလည်း သူတို့လုပ်တာပါလို့ ပြောနေပါတယ်။

ဂျင်ဒဲလာ အုပ်စုဟာ ခရစ်ယာန်တွေ ၊ နိုင်ငံခြား ခရီးသည်တွေကို ခဏခဏ ဗုံးဖောက်ခွဲလုပ်ကြံမှုတွေလုပ်ခဲ့ဖူးသလို၊ ပါကစ္စတန်မြောက်ပိုင်းမှာ စစ်ဘက်အရာရှိတွေကို လုပ်ကြံဗုံးခွဲမှုတွေလည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။

နောက်တဖွဲ့ကတော့ပါကစ္စတန် တာလီဘန် အဖွဲ့ဖြစ်ပါတယ်။ သူတို့ကလည်း သူတို့လုပ်ပါတယ်လို့ ပြောနေပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ ခုချိန်ထိတော့ အတိအကျ မပြောနိုင်သေးပါဘူး။

ပါကစ္စတန် တာလီဘန် အဖွဲ့ဟာ မတ်လတုန်းက ပါကစ္စတန် အစိုးရနဲ့ တလအကြာ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ တလကြာအပစ်အခတ်ရပ်စဲကာလ ကုန်ဆုံးပြီးနောက်မှာ တော့ အစိုးရက အပစ်အခတ်ရပ်စဲ သက်တမ်းကို ထပ်မတိုးတော့ဘဲ တာလီဘန်တို့ရဲ့ အချက်အချာနေရာ ဖြစ်တဲ့ ဝါဇီရဇ္ဇတန်မြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံဟာလည်း ကက်ရှ်မီးယား အရေးကို အကြောင်းပြုပြီး သုံးကြိမ်တိုင်တိုင် စစ်ပွဲကြီး ဆင်နွှဲခဲ့ကြဖူးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။