အီရတ်မှာ IS က အစုလိုက်အပြုံလိုက် သတ်ဖြတ်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်မှာ ရှိတဲ့ လူမျိုးစုတွေက IS အဖွဲ့ကို ခုခံ တွန်းလှန် ခဲ့ကြတဲ့ အတွက် IS က အမျက်ထွက်နေ

အီရတ်နိုင်ငံ အန်ဘာ ပြည်နယ်မှာ လွန်ခဲ့တဲ့ ၅ရက်တာ ကာလအတွင်း IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရသူ စုစုပေါင်း အခုအခါ ၅ရာကျော် ရှိသွားပြီလို့ ဆွန်နီ လူမျိုးစု ခေါင်းဆောင် တဉီးက ပြောပါတယ်။

IS လက်နက်ကိုင်တွေဟာ တနင်္လာနေ့တုန်းက Ras al Maa ရွာမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အယ်လ် ဘူ နီမာ လူမျိုးစုဝင် အယောက် ၃၀ ကျော်ကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရှိတ်ခ် နာအင်မ် အယ်လ် ဂါအုဒ် က ဘီဘီစီကို ပြောပါတယ်။

ဒီအရေအတွက်ကိုတော့ အသေအချာ အတည်ပြုလို့ မရသေးပါဘူး။

တခြား ခရိုင်တခုမှာလည်း နောက်ထပ် အယ်လ် ဘူနီမာ လူမျိုးစုဝင် ၂၅ဉီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို ရေတွင်း တခုထဲမှာ အလောင်း ၄၀ကျော်လောက် တွေ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အန်ဘာ ပြည်နယ်မှာ IS လက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ခုခံခဲ့တဲ့အတွက် အယ်လ် ဘူ နီမာ လူမျိုးစု အပေါ် အခုလို ဂလဲ့စားချေ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။