တူရကီ သင်္ဘောကို အစ္စရေး စီးနင်းခဲ့မှု ICC အရေးမယူ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလက်စတိုင်း လိုလားသူတွေနဲ့ အထောက်အပံ့တွေကို တင်လာတဲ့ Mavi Marmara သင်္ဘော

၂၀၁၀ ခုနှစ် တုန်းက ဂါဇာ ဒေသကို ဦးတည် သွားနေတဲ့ တူရကီ သင်္ဘော တစင်းကို အစ္စရေး အထူး တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်း ခဲ့ရာမှာ လူသေဆုံး မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ယူဆ ထားပေမယ့် အရေးယူ ဆောင်ရွက်မှာ မဟုတ်ကြောင်း ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

ပါလက်စတိုင်း နယ်စည်းကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ သင်္ဘော ၆ စင်း အုပ်စုထဲက ခေါင်းဆောင် သင်္ဘော Mavi Marmara ပေါ်မှာ ပါလာတဲ့ ပါလက်စတိုင်း လိုလားသူ တူရကီ နိုင်ငံသား ၈ ဦးနဲ့ အမေရိကန် နိုင်ငံသား တူရကီ လူမျိုး တစ်ဦးတို့ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့အတွက် အမှု မခိုင်မာကြောင်း ICC က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ICC အနေနဲ့ ဒီထက် ပိုပြီး အတိုင်းအတာ ကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေ အပေါ် ပိုမို အာရုံစိုက် ကိုင်တွယ် ခဲ့ရတယ် လို့လည်း ICC အမှုလိုက် တရားရုံး ရှေ့နေချုပ်က ပြောပါတယ်။

ဒီအမှုကို တင်ခဲ့တဲ့ ရှေ့နေတွေကတော့ တရားရုံး ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး နောက်ထပ် အယူခံ ဝင်ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။

အဲဒီ စီးနင်း တိုက်ခိုက်မှုမှာ အစ္စရေး တပ်သား ၁၀ ဦး ဒဏ်ရာရခဲ့သလို မဟာမိတ် နိုင်ငံဟောင်းတွေ ဖြစ်တဲ့ အစ္စရေးနဲ့ တူရကီ တို့အကြား ဆက်ဆံရေး ဟာလည်း အက်ကြောင်း ထင်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ