ကြယ်တံခွန်ပေါ် ဂြိုဟ်ဆင်းယာဉ် အောင်မြင်စွာ ဆင်းနိုင်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption Philae ဂြိုဟ်ဆင်းယာဉ် ကတဆင့် တွေ့ရှိမှု အသစ်တွေ ရရှိဖို့ မျှော်လင့်ထား

ကမ္ဘာမြေနဲ့ ကီလိုမီတာ သန်း ၅၀၀ ကျော် အကွာမှာ ရှိတဲ့ 67P ကြယ်တံခွန်ပေါ်ကို ဆင်းသက်တဲ့ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ရဲ့ သမိုင်းဝင် ဆင်းသက်မှု အောင်မြင် သွားခဲ့ပါပြီ။

ကြယ်တံခွန် မျက်နှာပြင်ပေါ် ဆင်းသက် လိုက်တဲ့ အချက်ပြမှုကို အတည်ပြုပြီး ချိန်မှာ ဂျာမနီနိုင်ငံ ဒမ်းစတတ် မြို့မှာ ရှိတဲ့ ထိန်းချုပ်ရေး စခန်းက ပညာရှင်တွေက ပျော်ပျော်ရွှင်ရွှင် အောင်ပွဲ ခံခဲ့ကြပါတယ်။

အခုလို ဆင်းသက် နိုင်ခဲ့တဲ့ အောင်မြင်မှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ခဲ့တဲ့ ၆ ဒသမ ၄ ဘီလျံ ကီလိုမီတာ အကွာအဝေး ရှိခဲ့တဲ့ ခရီးရှည်ကြီးရဲ့ နောက်ဆုံး ရည်မှန်းချက် ဖြစ်ပါတယ်။

ဒါဟာ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ကြီးကျယ်တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်သွားပြီလို့ ဥရောပ အာကာသ အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် Jean-Jacques Dordain က ပြောပါတယ်။

Philae ဂြိုလ်ဆင်းယာဉ်ဟာ သက်တမ်း အားဖြင့် နှစ် သန်းပေါင်း ၄၀၀၀ ကျော်နေပြီလို့ ခန့်မှန်း ထားကြတဲ့ အဲဒီ ကြယ်တံခွန် ဆီက ရေခဲနဲ့ မြေမှုန်တွေကို ဓာတ်ခွဲ လေ့လာပြီး အဲဒီကနေ တဆင့် နေအဖွဲ့အစည်း ဖြစ်တည် လာပုံကို ပိုမို သိရှိလာ နိုင်မယ်လို့ မျှော်လင့် ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ