ခန္ဓာ အစိတ်အပိုင်းတွေ ပါတဲ့ ပါဆယ်ထုပ် ထိုင်းမှာ ဖမ်းမိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါဆယ်ထုပ် အကြောင်း ထိုင်းရဲက သတင်း ထုတ်ပြန်စဉ်။

ထိုင်းနိုင်ငံမှာ ဆေးရုံ တစ်ရုံကနေ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ခိုးထုတ်ဖို့ ကြိုးစားတယ် ဆိုတဲ့ သံသယနဲ့ အမေရိကန် နိုင်ငံသား နှစ်ဦးကို ရှာဖွေ နေကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ ပါဆယ်ထုပ်ထဲမှာ ကလေး တစ်ယောက်ရဲ့ ဦးခေါင်းနဲ့ ခြေထောက် အပါအဝင်၊ ဆေးမင်ကြောင် ထိုးထားတဲ့ လူ့ အရေပြားနဲ့ နှလုံးတို့ ပါဝင်ပါတယ်။

အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ထည့်ထားတဲ့ ပါဆယ်ထုပ်ကို DHL ကုန်လှောင်ရုံ တစ်ခုမှာ တွေ့ခဲ့ရပြီးနောက် အဆိုပါ အမေရိကန် နိုင်ငံသား ၂ ယောက်ကို ပြီးခဲ့တဲ့ စနေက ရဲတပ်ဖွဲ့ကနေ ခေါ်ယူ စစ်ဆေး ခဲ့ပါတယ်။

အဲဒီလို စစ်ဆေးရာမှာ သူတို့ရဲ့ မိတ်ဆွေတွေဆီကို နောက်ပြောင်တဲ့ သဘောနဲ့ ပို့ပေးဖို့ ဒီ အစိတ်အပိုင်း တွေကို ဘန်ကောက် စျေးကွက်ကနေ ဝယ်ယူ ခဲ့တာလို့ ထွက်ဆိုခဲ့ပြီး အဲဒီနောက် ရဲတွေက သူတို့ကို ပြန်လွှတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ခန္ဓာ အစိတ်အပိုင်း တွေထဲက တချို့မှာ ဓားဒဏ်ရာတွေ တွေ့ရတဲ့ အတွက် လူသတ် ခံထားရတာ ဖြစ်နိုင်တယ် လို့လည်း ထိုင်းရဲတွေက ယူဆ နေကြပါတယ်။

အခုတော့ အဲဒီ အမေရိကန် ၂ ဦးဟာ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံကို ထွက်သွားတယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ