အိန္ဒိယ ဟိန္ဒူ ဂုရုကျောင်းမှာ လူသေ ၅လောင်း တွေ့

ဓာတ်ပုံ မူပိုင် epa
Image caption ဂုရုကို ထောက်ခံသူတွေကို လူစုခွဲဖို့ ကြိုးစားစဉ်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရီယာနာ ပြည်နယ်မှာ အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ ဟိန္ဒူ ဂုရုကို ထောက်ခံ အားပေးသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့အပြီး အဲဒီ ဟိန္ဒူ ဝတ်ပြုကျောင်းမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် တစ်ဦးရဲ့ အလောင်းတွေ တွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ တရားရုံးကို မထီမဲ့မြင် ပြုမှု စတဲ့ စွဲချက်တွေနဲ့ အလိုရှိနေတဲ့ အဲဒီ ဂုရု Rampal Maharaj ကို ဖမ်းဆီးဖို့ ဝတ်ပြုကျောင်းကို ရဲတွေ ဝိုင်းထားခဲ့တာ သီတင်း တပတ်ကျော် ရှိလာခဲ့ရာမှာ မနေ့က အင်္ဂါနေ့မှာတော့ ဝတ်ပြုကျောင်းကို ရဲတွေ ဝင်စီးခဲ့လို့ လူ ၂၀၀ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။

ဂုရု ရမ်ပယ်လ် မဟာရာ့ဂျ်ဟာ ရောဂါ ဝေဒနာတွေ ပျောက်အောင် ကုပေးနိုင်တယ် ဆိုပြီး အဲဒီ ဝတ်ပြုကျောင်းကို လူတွေ သောင်းနဲ့ချီ ရောက်နေတာ ဖြစ်ပြီး အဲဒီ လူတွေကို ဓားစာခံ အဖြစ် ဂုရုကို ထောက်ခံ အားပေးသူတွေက အကာအကွယ်ယူ အသုံးချ ခဲ့ကြတယ်လို့ ရဲတွေက စွပ်စွဲနေပါတယ်။

အခု တွေ့ရတဲ့ အလောင်းတွေကိုတော့ ဘာ့ကြောင့် သေဆုံးခဲ့တာလဲ ဆိုတာ သိဖို့ ရဲက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဝတ်ပြု ကျောင်းထဲမှာ လောလောဆယ် လူထောင်နဲ့ ချီ ရှိနေသေးတယ်လို့ အာဏာပိုင်တွေက ပြောပြီး ဝတ်ပြုကျောင်း အပြင်ဘက်မှာ ရဲတွေ ထောင်ပေါင်း များစွာ ဝန်းရံထားကာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ