အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် နှုတ်ထွက်

_chuck_hagel_304x17 ဓာတ်ပုံ မူပိုင် AP
Image caption ကာကွယ်ရေး ဝန်ကြီး ဟေဂယ် နှုတ်ထွက်

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချခ်ဟေဂယ် ဟာ ဒီရာထူးယူပြီး လို့ ၂ နှစ် တောင် မပြည့်သေးခင် မှာ ရာထူး က အနားယူလိုက်တဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် Jane O'Brien ပေးပို့လိုက်ပါတယ်။ ဒီသတင်း ကို သမ္မတ အိုဘားမား ကလည်း အတည်ပြု ပြောကြားပါတယ်။

ချခ်ဟေဂယ် ဟာ ပြီးခဲ့ဆတဲ့ ၂ နှစ် အတွင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ မဟာဗျူဟာ တွေ ကို ခေတ်မီ အောင် ဆောင်ရွက်ပေးသလို ရေရှည် ဖြေရှင်း ရမဲ့ စစ်အသုံးစရိတ် ကိုလည်း စနစ်တကျ ခွဲဝေသုံးစွဲ နိုင်ခဲ့ တဲ့ အကြောင်း သူ့ဝန်ကြီးဌာန အတွက် အမှတ်မထင် ခြိမ်းခြောက်မှု အသွင်ဆောင်လာတဲ့ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင်တွေ အရေး နဲ့ အမေရိကန် တပ်ဖွဲ့ဝင် တချို့ ကို အီလိုလာ ရောဂါ ပြန့်ပွားရာ အရပ် စေလွှတ်ရတဲ့ ကိစ္စရပ် တွေ မှာ သူအဆင်ပြေ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ် လို့ သမ္မတ အိုဘားမား က ချီးကျူးစကား ပြော ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးတွေ အနက် ချခ်ဟေဂယ် တယောက်ပဲ စစ်ပညာ နဲ့ အကျွမ်းဝင်တဲ့ ဗီယက်နမ် စစ်ပြန်ဖြစ်ပါတယ်။ သူဟာ ရီပတ်ဗလီကင် အမတ်လည်း ဖြစ်ခဲ့ပါတယ်။

သူနှုတ်ထွက်ခဲ့တာ နဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဂျွန်ဆိုပဲလ် သုံးသပ်ရာမှာတော့ ပြီးခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ မှာ သမ္မတ အိုဘားမား ရဲ့ ဒီမိုကရက်တွေ အရေးနိမ့်သွားတဲ့ အတွက် သမ္မတ အနေနဲ့ သူ့ပါတီ နဲ့ သူ့အနေအထား ကို ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းလိုပါတယ်။

ဒီအခါမှာ အိုင်အက်စ် အရှိန်အဝါ ဆီးရီးယား နဲ့ အီရတ်မှာ မကြီးထွားအောင် ပိုင်ပိုင်နိုင်နိုင် နှိမ်နင်း လိုတာရယ်၊ အာဖဂန်က အမေရိကန် တပ် ရုပ်သိမ်းရေး အစီအစဉ် ကို လည်း ပြောင်းလဲမယ့် အနေအထား တွေ ဖြစ်လာတာ ကို မစ္စတာ ဟေဂယ် ဘက် က ဘဝင်မကျ ဖြစ်လာပုံ ရတယ် လို့ ဂျွန်ဆိုပဲလ် က သူ့အမြင် ကို တင်ပြပါတယ်။

ရီပတ်ဗလီကင် ဆီးနိတ် အမတ် ဂျွန်မက်ကိန်း ကတော့ အမေရိကန် အစိုးရ ရဲ့ အမျိုးသား လုံခြုံရေး ပေါ်လစီ နဲ့ ဆုံးဖြတ်ချက် အစီအစဉ် တွေ အပေါ်မှာ မစ္စတာ ဟေဂယ် က စိတ်ပျက်နေတာ ဖြစ်ကြောင်း ထောက်ပြတာကို အမေရိကန် သတင်းမီဒီယာ တွေ မှာ ဖေါ်ပြထားပါတယ်။