ဟောင်ကောင် ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲတွေက ရာဘာတုတ်တွေ၊ ငရုတ် ရည်တွေ သုံးခဲ့ကြ။

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ညက အစိုးရ ရုံးအနီးမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ရဲတွေ အကြား အကြမ်းဖက် မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ တနင်္လာနေ့မှာ အစိုးရ ရုံးတွေ ခေတ္တ ပိတ်လိုက်ရပါတယ်။

Admiralty အရပ်က အစိုးရ ရုံးတွေအနီး Lung Wo လမ်းမပေါ်မှာ ဆန္ဒပြ သမားတွေနဲ့ ရဲတွေ တိုက်ခိုက် ခဲ့ကြပြီး ရဲ အရာရှိ ၁၁ ယောက် ဒဏ်ရာ ရခဲ့ကာ လူ အယောက် ၄၀ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟောင်ကောင် အစိုးရကတော့ အကြမ်းဖက်ကြတဲ့ အစွန်းရောက် သမားတွေဟာ ရဲတွေ တားဆီး ထားတဲ့ နေရာကို အရာဝတ္ထု တွေနဲ့ ပစ်ပေါက် ခဲ့ကြတယ်လို့ ပြောဆိုပြီး ဆန္ဒပြ လှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပေါ် လာတာကို ဟောင်ကောင် အစိုးရက ရှုတ်ချ လိုက်ပါတယ်။

Admiralty အရပ်မှာ ရှိတဲ့ အဓိက သပိတ်စခန်း အနီးက နေရာ တစ်ခုကို ရှင်းလင်း ဖယ်ရှားဖို့လည်း ဒီကနေ့ တနင်္လာနေ့မှာ ဟောင်ကောင် တရားရုံးက အမိန့် ထုတ်လိုက်ပါတယ်။

ကျောင်းသား အများစု ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ၂၀၁၇ ရွေးကောက်ပွဲမှာ ဟောင်ကောင်ရဲ့ ခေါင်းဆောင်ကို လွတ်လွတ် လပ်လပ် ရွေးချယ်ခွင့် အတွက် တရုတ် အစိုးရကို တောင်းဆို နေကြတာ ဖြစ်ပြီး ၃ လထဲ ဝင်လာပြီ ဖြစ်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင် လာကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ