ဟောင်ကောင် ဆန္ဒပြမှုတွေ ရုပ်သိမ်းဖို့ ခေါင်းဆောင် ၃ ဦး ပြော

ကျောင်းသား ခေါင်းဆောင် တွေက ဆန္ဒပြမှုတွေ တိုးလုပ်ဖို့ လှုံ့ဆော်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကျောင်းသား ခေါင်းဆောင် တွေက ဆန္ဒပြမှုတွေ တိုးလုပ်ဖို့ လှုံ့ဆော်နေ

ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြ နေသူတွေနဲ့ ရဲတွေ အကြား အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ရက်နဲ့ချီ ဖြစ်ပွားခဲ့ အပြီးမှာ Occupy Central ရဲ့ ခေါင်းဆောင် ၃ ဦးက ဆန္ဒပြမှုတွေကို လက်လျှော့ ရုပ်သိမ်း လိုက်ကြဖို့ တောင်းဆို လိုက်ပါတယ်။

ပိတ်ဆို့ ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့တဲ့ Occupy Central အဖွဲ့ရဲ့ ခေါင်းဆောင် ၃ ဦး ဖြစ်သူ Benny Tai၊ Chan Kin-man နဲ့ Chu Yiu-ming တို့က သူတို့ ကိုယ်တိုင်လည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရဲထံမှာ သွားရောက် အဖမ်းခံမယ်လို့ ပြောပါတယ်။

သူတို့ရဲ့ တောင်းဆိုမှုတွေကို ဟောင်ကောင် အစိုးရက ရက်ရက်စက်စက် ဥပေက္ခာ ပြုခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ဆန္ဒပြ ကျောင်းသားတွေကို သပိတ် စခန်းတွေကနေ ဆုတ်ခွာကြဖို့ တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

Occupy Central အဖွဲ့ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို လူထု အခြေပြု အဖွဲ့အစည်းတွေ၊ ဆွေးနွေးပွဲတွေက တဆင့် ဆက်လက် ဆောင်ရွက်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တချို့ကတော့ ရဲတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုတွေ နောက်ပိုင်းမှာ ဆန္ဒပြမှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်ကြဖို့ လှုံ့ဆော် နေပါတယ်။

ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Joshua Wong ကလည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဟောင်ကောင် အစိုးရနဲ့ ဆွေးနွေးခွင့် ရဖို့အတွက် အစာငတ်ခံ ဆန္ဒပြမှုကို စတင် လိုက်ပါတယ်။