IS အဖွဲ့အင်အား သိသိသာသာ ထိခိုက်သွားဟု ကယ်ရီဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption IS တိုက်ဖျက်ရေး အစည်းအဝေးမှာ တွေ့ရတဲ့ နေတိုး အတွင်းရေးမှူးချုပ် (ဝဲ)၊ အီရတ် ဝန်ကြီးချုပ် (အလယ်)နဲ့ ဂျွန်ကယ်ရီ။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ အင်အားကို သိသိသာသာ ထိခိုက် လျော့နည်း သွားစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ချေမှုန်းဖို့ အတွက် အချိန် ကြာနိုင်သလောက် ကြာပါစေ၊ မဟာမိတ် အဖွဲ့က ဆက်လက် တိုက်ခိုက် သွားမှာ ဖြစ်တယ် လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

IS အဖွဲ့ကို တိုက်ဖျက်ဖို့ ဖွဲ့စည်းထားတဲ့ မဟာမိတ် အဖွဲ့ဝင် နိုင်ငံ ၆၀ က ခေါင်းဆောင်တွေ ဒီကနေ့ ပထမဆုံး အကြိမ် ဘရပ်ဆဲလ် မြို့က နေတိုး စစ်ဌာနချုပ်မှာ တွေ့ဆုံ ဆွေးနွေးကြတဲ့ ပွဲမှာ သူက ပြောခဲ့တာပါ။

IS အဖွဲ့ဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စံနှုန်း တန်ဖိုးတွေနဲ့ ဆန့်ကျင်တဲ့ အဖွဲ့တစ်ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခု အစည်းအဝေး ကနေ IS တိုက်ဖျက်ရေး မဟာဗျူဟာ တွေကို ဆွေးနွေးမှာ ဖြစ်သလို အီရတ်နဲ့ ဆီးရီးယားကို နိုင်ငံခြားက တိုက်ခိုက်ရေး သမားတွေ ရောက်မလာအောင် ဘယ်လို တားကြမလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဆွေးနွေး နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ