ရှင်ဂျန်း ပြည်နယ်မှာ ခေါင်းဆောင်းပဝါ ပိတ်ပင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ရှင်ဂျန်း ပြည်နယ်မှာ လုံခြုံရေး တင်းကျပ်ထား

တရုတ် နိုင်ငံ ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် ဥရမ်ချိ မြို့မှာ မွတ်ဆလင် အမျိုးသမီးတွေ လူကြားထဲမှာ ခေါင်းမြီးခြုံပြီး သွားလာတာကို တားမြစ် တော့မယ်လို့ သိရပါတယ်။

ဝီဂါ မွတ်ဆလင်တွေ နေထိုင်ရာ ဒေသမှာ အခုလို တားမြစ်မယ့် အစီအစဉ်ကို ဥရမ်ချိ မြို့ အာဏာပိုင်တွေက ထောက်ခံတယ်လို့ တရုတ် အစိုးရ သတင်းဌာန မှာ ဖော်ပြပါတယ်။

မွတ်ဆလင် ခွဲထွက်ရေး လှုပ်ရှားမှုတွေကြောင့် ဒီဒေသမှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း လူ ရာနဲ့ချီ သေဆုံး ခဲ့ရတယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

ဝီဂါတွေဘက်က လှုပ်ရှားသူတွေ ကတော့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တာဟာ တရုတ် အစိုးရရဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် လကလည်း ရှင်ဂျန်း ပြည်နယ် မြောက်ပိုင်းက ကာရာမေ မြို့မှာ မုတ်ဆိတ်ရှည် ထားတဲ့ အမျိုးသားတွေကို ဘတ်စ်ကားပေါ် တက်ခွင့် ပိတ်ပင် ခဲ့ပါတယ်။

ဝီဂါလူမျိုး အများစုက သူတို့ရဲ့ ယဉ်ကျေးမှုတွေ တိုက်ခိုက် ခံနေရတယ်လို့ ယူဆနေချိန်မှာ အခုလို တားမြစ်ချက်တွေ ထပ်မံ ပြုလုပ်တာဟာ တစ်ချိန်ချိန်မှာ ဆိုးကျိုးနဲ့ ကြုံတွေ့ ရနိုင်တယ်လို့ အချို့က သုံးသပ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ