ဂျော်ဒန်တိုက်လေယာဉ်မှူး အိုင်အက်စ်လက်ထဲရောက်

Jordan pilot in IS hands ဓာတ်ပုံ မူပိုင် racqa media center
Image caption လေယာဉ်အပျက်အစီးတွေကို ထောင်ပြနေတဲ့ အိုင်အက်စ် အဖွဲ့ဝင်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက အိုင်အက်စ် အစ္စလာမ်မစ်နိုင် ငံလက်နက်ကိုင်တပ်ဖွဲ့ကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ထဲက ဂျော်ဒန်တိုက်လေယာဉ်တစ်စီး ပျက်ကျပြီး လေယာဉ်မှူးကို အိုင်အက်စ်တွေ ဖမ်းမိသွားပါတယ်။

အိုင်အက်စ်တွေကတော့ ဒီ F-၁၆ လေယာဉ်ကို သူတို့မှာ ရှိတဲ့ အပူကို အာရုံခံပြီးလိုက်နိုင်တဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ ပြောပါတယ်။

အိုင်အက်စ်ဖက်က ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာ ဂျော်ဒန်လေယာဉ်မှူးကို ရေကန်တစ်ခုထဲက ဆွဲထုတ်လာပုံနဲ့ လေယာဉ်အပျက်အစီးတွေကို ပြခဲ့ပါတယ်။ တီရှပ်အဖြူရောင်ဝတ်ထားတဲ့ လေယာဉ်မှူး ပါးစပ်မှာ သွေးတွေစီးကျနေတာတွေ့ရပေမယ့် လမ်းတော့ လျှောက်နိုင်ပြီး သူ့ကိုဖမ်းထားသူတွေ ဆွဲခေါ်ရာနောက် ပါသွားတာ တွေ့ရပါတယ်။

အခုအကြိမ်ဟာ အိုင်အက်စ်ကို တိုက်စစ်ဆင်နေတဲ့ မဟာမိတ်အဖွဲ့တွေထဲက လေယာဉ်တစ်စီး အိုက်အက်စ်တွေ နယ်မြေထဲ ပထမဆုံး ပျက်ကျခဲ့တာပါ။

ဂျော်ဒန်ဟာ မဟာမိတ်ထဲပါတဲ့ အာရပ်နိုင်ငံ လေးနိုင်ငံထဲက တစ်နိုင်ငံပါ။

ဓာတ်ပုံ မူပိုင် RAQQA MEDIA CENTER
Image caption လေယာဉ်မှူးရဲ့ အသက် အန္တရာယ်ကို စိုးရိမ်နေရ

ဂျော်ဒန်အစိုးရကတော့ သူတို့ လေယာဉ်မှူး ဘေးမသီရန်မခ ပြန်ရဖို့ အစွမ်းကုန်လုပ်သွားမယ်လို့ ပြောပြီး သူ့ကို ရန်ရှာရင် အိုက်အက်စ်တွေရဲ့ တာဝန် လုံးလုံးဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ အခုအဖြစ်အပျက်ကြောင့်တော့ စစ်ဆင်ရေးကို ရပ်မှာ မဟုတ်ဘူးလို့လဲ မီဒီယာဝန်ကြီး ဒေါက်တာ မိုဟာမက် အယ်လ် မိုမာနီက ပြောပါတယ်။

စစ်ဆင်ရေးဟာ တာရှည်တိုက်ရမယ့် စစ်ပွဲဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ နယ်မြေကို ကာကွယ်ဖို့ ဒီ အကြမ်းဖက်သမားတွေကို ဆက်တိုက်သွားမှာပါလို့ သူက ဆိုပါတယ်။

ဂျော်ဒန်လေယာဉ် ပျက်ကျတာလား၊ ပစ်ချခံရတာလားဆိုတာ တိတိကျကျ မသိရသေးပေမယ့် ပစ်ချခံရတယ်ဆိုရင် အိုင်အက်စ်တွေလက်ထဲမှာ မဟာမိတ်တွေ သိမထားသေးတဲ့ အဆင့်မြင့် လက်နက်တွေ ရှိနေပြီလို့ ယူဆစရာ ဖြစ်ပါတယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ဂျင်မြူးဝါးက ပြောပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဂျော်ဒန်အဖို့တော့ သူ့နိုင်ငံသား လေယာဉ်မှူး အိုင်အက်စ်တွေလက်ထဲ ဓားစာခံ အဖြစ်ရောက်သွားတဲ့ အတွက် အကြီးအကျယ်ခေါင်းခဲ စရာ ဖြစ်နေသလို အိုင်အက်စ်တွေ အတွက်လည်း ဝါဒဖြန့်စရာ အောင်ပွဲ တစ်ရပ် ရသွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။