ဂျာမန် နဲ့ရုရှ ခေါင်းဆောင်တို့ရဲ့ နှစ်ကူးစကား

putin_merkel_304x ဓာတ်ပုံ မူပိုင် REUTERS
Image caption သမ္မတပူတင် နှင့် ဝန်ကြီးချုပ် မာကဲလ်

နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် ကမ္ဘာ့ ခေါင်းဆောင် တွေ ပေးပို့ ကြတဲ့ သဝဏ်လွှာ တွေ အနက် ရုရှသမ္မတ ပူတင် နဲ့ ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် တို့ရဲ့ ပေးပို့ချက်တွေ ကို ဘီဘီစီ သတင်းထောက် ဒေမီယံ မက်ဂီးနစ် က အသိ ပေးထားပါတယ်။

သမ္မတ ပူတင် က သူ့ရဲ့ သဝဏ်လွှာ ကို အမေရိကန် သမ္မတ အိုဘားမား နဲ့ ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် တို့ အပါအဝင် ပေးပို့ လိုက်တာပါ။ သမ္မတ ပူတင် က သူ့အနေနဲ့ ဂျာမဏီနိုင်ငံ နဲ့ ပူးတွဲ ဆက်ဆံမှု ကို ပြန်လည် ခိုင်မာ တိုးတက်လိုတယ် လို့ ဖေါ်ပြထားပါတယ်။ အကြောင်း ကတော့ ရုရှ ရဲ့ ကရိုင်းမီးယား ကို ပြန်လည်သိမ်းပိုက်မှု၊ ယူကရိန်း နိုင်ငံထဲ ဝင်ရောက်ကျူးကျော်ပြီး ရုရှ လိုလားတဲ့ ခွဲထွက်ရေး သမားတွေ ကို နောက်ကွယ် ကရော၊ ပေါ်ပေါ်ထင်ထင် ပါ အားပေး အားမြှောက် လုပ်တဲ့ အပေါ် မှာ အင်ဂလာ မာကဲလ် က ဝေဖန်ခဲ့ပြီး ဥရောပ ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မှာ ပါဝင်ခဲ့ လို့ ဖြစ်ပါတယ်။

ဒါကိုလည်း သမ္မတ ပူတင် က ရုရှ ရုပ်မြင်သံကြား အစီအစဉ် ကတဆင့် ရှင်းချက် ထုတ်တဲ့ အခါ မှာ အမိနိုင်ငံ ကို ချစ်မြတ်နိုးမှု ဟာ အင်အား အပြည့်အဝ အရှိဆုံးနဲ့ စိတ်ဓါတ် တက်ကြွဖွယ်ရာ အကောင်းဆုံး ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်မို့လည်း ကရိုင်းမီးယား နဲ့ ဆယ်ဗတ်တိုပိုးလ် တို့ မှာ နေထိုင်ကြတဲ့ ညီနောင်သားချင်း တွေ အမိမြေ နဲ့ ပြန်လည်ပေါင်းစီးခြင်းဟာ ရုရှနိုင်ငံတော်ကြီး ကို အားအင်ပြည့်စေတဲ့ အတွက် ကြိုဆို ရပါတယ်။ ဒါဟာ ရုရှ သမိုင်းမှာ အရေးကြီးဆုံး အစိတ် အပိုင်း တခု အနေနဲ့ အမြဲ ရှိနေမှာပါ လို့ ပြောသွားတာပါ။

ဝန်ကြီးချုပ် အင်ဂလာမာကဲလ် ဘက်ကလည်း ဂုဏ်သိက္ခာ အရ သံတမန်ဆန်ဆန် နဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောတတ်တဲ့ အလေ့ ရှိပေမဲ့ ရုရှ နဲ့ ယူကရိန်း အရေး မှာတော့ ပြင်းထန်တဲ့ စကားလုံးတွေ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။

ရုရှ ဟာ ဥရောပ ရဲ့ ငြိမ်းချမ်းမှု အဆောက်အအုံ ကို ပြင်းပြင်းထန်ထန် လှုပ်ခါခဲ့ တဲ့ အတွက် ဒီအပြုအမူ ကို သည်းခံမှာ မဟုတ်ပါဘူး။ ဥရောပ ရဲ့ လုံခြုံရေး ကို ရုရှ နဲ့ ပူးပေါင်း စောင့်ရှောက် လိုတယ် ဆိုတဲ့ စကား အပေါ်မှာ လည်း သံသယ ဖြစ်စရာ မရှိပါဘူး။ ရုရှ ကို ဆန့်ကျင်တဲ့ သဘော မရှိပါဘူး။ ဒါပေမဲ့ ရုရှ ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ဟာ လူရိုင်းတွေ ရဲ့ ဥပဒေ လို ဖြစ်နေလို့ ဒါကို ခွင့်မပြုနိုင်ဘူး လို့ ဆိုသွားတာပါ။

ဝန်ကြီးချုပ် အင်ဂလာမာကဲလ် နောက်ထပ် ဖြည့်စွက်ပြောတဲ့ အထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ် က ဂျာမနီ နိုင်ငံ ဒရက်စ်ဒင် မြို့ မှာ စစ်ရေး ကြောင့်၊ နိုင်ငံရေး ကြောင့် ခိုလှုံနေကြသူတွေ အပေါ်မှာ ဂျာမန်လူမျိုးတွေ ဆန့်ကျင်ဆန္ဒ ပြမှု ကို ဦးဆောင်တဲ့ သူတွေ ဟာ အသားအရောင် နဲ့ ဘာသာ အယူဝါဒ ကွဲပြားမှု နဲ့ ပတ်သက်လို့ အမုန်းတရား ထားတာ ကို လည်း လက်သင့်မခံ နိုင်ကြောင်း ပြောသွားပါသေးတယ်။