ဥ​ရော​ပ နိုင်ငံ​တွေ​မှာ အကြမ်း​ဖက် သံသယ ရှိ​သူ​တွေ​ကို ဝင်​ရောက် စီးနင်း

france_corcy_raid_ ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက် သမား ဖြစ်နိုင် သူတွေ အဖြစ် ယူဆ ကိုင်တွယ် နေရတဲ့ အရေအတွက် ဟာ ထောင်ဂဏန်း အတော်များ ကြောင်း ယူရိုပိုလ် အကြီးအကဲ က ပြော။

ပြင်သစ်၊ ဘယ်လ်ဂျီယမ် နဲ့ ဂျာမဏီ နိုင်ငံတွေ မှာ အကြမ်းဖက်မှု အန္တရာယ် ကို ကာကွယ်တဲ့ အနေ နဲ့ သံသယ ရှိသူ တွေကို ရဲတွေက ဝင်ရောက် စီးနင်းမှု တွေ လုပ်ဆောင် ခဲ့ကြပြီး တည အတွင်း လူပေါင်း ၂ ဒါဇင် ကျော် ကို ဖမ်းဆီး ခဲ့ကြ ပါတယ်။

ဒီလို စီမံချက် တွေ လုပ်ဆောင် ခဲ့ရတာ ကို ကြည့်ရင် ဥရောပ တလွှား ကြုံတွေ့ နေရတဲ့ အကြမ်းဖက် ပြဿနာ ရဲ့ ရှုပ်ထွေး လှတဲ့ သဘော သဘာဝ ကို ပြသ နေတယ် ဆိုပြီး ဥရောပ ရဲတပ်ဖွဲ့ ယူရိုပိုလ် ရဲ့ အကြီး အကဲ ရော့ဘ် ဝိန်းရိုက်ထ် က ဘီဘီစီ ကို ပြောပါတယ်။

ပြဿနာ ဟာ အရေးတကြီး သဘောထား ဖြေရှင်း ရမယ့် အခြေအနေ မှာ ရှိပြီး၊ ပါဝင် ပတ်သက် နေကြတဲ့ ကွန်ယက် အဖွဲ့တွေ ကလည်း များလှကြောင်း နဲ့ အကြမ်းဖက် သမားတွေ ဖြစ်နိုင်တဲ့ သူတွေ အဖြစ် ယူဆ ကိုင်တွယ် နေရတဲ့ အရေအတွက် အနေနဲ့ ကလည်း ထောင်ဂဏန်း အတော်များ တဲ့ အတွက် စိုးရိမ်ဖွယ် ကောင်းကြောင်း မစ္စတာ ဝိန်းရိုက်ထ် က ပြောပါတယ်။

တခါ၊ မွတ်ဆလင် ကမ္ဘာ ကို ကြည့်ရင်တော့ ရှာလီ အက်ဘ်ဒို ပြင်သစ် မဂ္ဂဇင်း ကနေ ထုတ်ဝေ ခဲ့တဲ့ တမန်တော် မိုဟာမက်ဒ် ပုံ ကာတွန်းတွေကို ရှုတ်ချ ကန့်ကွက်ပွဲ တွေ ပြုလုပ် နေပါတယ်။

နီဂျဲ နိုင်ငံ ဇင်ဒါ မြို့က ဆန္ဒပြ သမား တွေဟာ အဲဒီမှာ ရှိတဲ့ ပြင်သစ် ယဉ်ကျေးမှု ဌာနကို မီးရှို့ ခဲ့ကြ ပါတယ်။ အယ်လ်ဂျီးရီးယား နဲ့ ပါကစ္စတန် တို့ မှာလည်း ဆန္ဒပြသူ တွေနဲ့ အာဏာပိုင် တွေ အကြား ထိပ်တိုက် တွေ့မှုတွေ ဖြစ်ခဲ့ ကြပါတယ်။

ဖိလစ်ပိုင်၊ တူရကီ၊ ကူဝိတ်၊ မော်ရေတေးနီးယား နဲ့ ဆူဒန် နိုင်ငံ တွေ မှာလည်း ဆန္ဒပြပွဲ တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ