အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ပြင်သစ် အစိုးရ ဗျူဟာသစ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၃၀၀၀ လောက်ကို စောင့်ကြည့်ဖို့ လိုနေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ်က ပြော

ပြင်သစ် နိုင်ငံမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်သစ် ၂၆၈၀ ကို ထပ်မံ ဖြည့်တင်းမှာ ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေ အတွက် ယူရို ၄၂၅ သန်း (အမေရိကန် ဒေါ်လာ သန်း ၄၉၀) တိုးမြှင့် သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် Manuel Valls က ပြောပါတယ်။

ပဲရစ်မြို့ တဝိုက်မှာ လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အခု အစီအစဉ်ကို ပြင်သစ် အစိုးရက ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ် လာနိုင်တယ် ဆိုတဲ့ သံသယနဲ့ ပြင်သစ် နိုင်ငံ အနှံ့က လူပေါင်း ၃၀၀၀ လောက်ကို စောင့်ကြည့်ဖို့ လိုနေကြောင်း၊ အဲဒီ အထဲက ထက်ဝက်လောက်ဟာ ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ အဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့သူတွေ၊ သို့မဟုတ် သွားရောက် ပူးပေါင်းဖို့ ကြိုးပမ်း နေသူတွေ ဖြစ်ကြောင်း ဝန်ကြီးချုပ် Manuel Valls က ဆိုပါတယ်။

အစ္စလမ္မစ် အစွန်းရောက် တွေကို ဖော်ထုတ်ဖို့ ၂၆၈၀ အရေအတွက် ရှိမယ့် စုံစမ်း ထောက်လှမ်းရေး သမားတွေကို လာမယ့် ၃ နှစ် အတွင်းမှာ ခန့်အပ် သွားမှာ ဖြစ်ကြောင်း ပြင်သစ် ဝန်ကြီးချုပ်က Elysee နန်းတော်မှာ ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ပြီးခဲ့တဲ့ ၂ပတ်က ပဲရစ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၄ ဦးကို တရားစွဲဆို ထားတယ်လို့ ပဲရစ်မြို့က အစိုးရရှေ့နေ့ Francois Molins က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ရဲအရာရှိ အမျိုးသမီးကို ပစ်သတ်ခဲ့ပြီး၊ ဂျူး စျေးတန်းမှာလည်း လူ ၄ ဦးကို ပစ်သတ် ခဲ့တဲ့ အမန်ဒီ ကူလီဘာလီကို အဲဒီလူ ၄ ဦးက လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သံသယ ရှိတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ