ယူကရိန်း ငြိမ်းချမ်းရေး ဥရောပ ခေါင်းဆောင်တွေ အဆိုပြုမယ်

ဓာတ်ပုံ မူပိုင် epa
Image caption ယူကရိန်း သမ္မတနဲ့ ဂျွန်ကယ်ရီ တွေ့ဆုံ

ယူကရိန်း အရှေ့ပိုင်းမှာ ပိုမို ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို အဆုံးသတ် စေနိုင်မယ့် ငြိမ်းချမ်းရေး အဆိုပြုချက် တစ်ခုကို ချပြဖို့အတွက် ဂျာမန် ဝန်ကြီးချုပ် Angela Merkel နဲ့အတူ ယူကရိန်း နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ Francois Hollande က ပြောပါတယ်။

လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်တဲ့ ယူကရိန်း အရှေ့ပိုင်းက စစ်ပွဲတွေကြောင့် အရပ်သားတွေ နေ့စဉ် သေဆုံးနေရကြောင်း၊ ပြဿနာတွေ ပြေလည်စေမယ့် အစီအစဉ်သစ် တစ်ခုကို ယူကရိန်း သမ္မတ ပိုရိုရှန်ကိုနဲ့ သူတို့ ၂ ဦး တွေ့ဆုံပြီး ချပြသွားဖို့ ရှိကြောင်း၊ အဲဒီနောက် သောကြာနေ့မှာ ရုရှား သမ္မတ ပူတင်နဲ့ မော်စကိုမှာ သူတို့ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း ပြင်သစ် သမ္မတက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီလည်း ကြာသပတေး နေ့မှာ ကိယက်ဗ် မြို့ကို ရောက်ရှိ လာပြီး ယူကရိန်း သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

အစောပိုင်းကတော့ နေတိုး ခေါ် မြောက် အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က အလျင်အမြန် တုံ့ပြန် တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို ဥရောပ အရှေ့ပိုင်းမှာ တိုးချဲ့ ချထား မယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

စစ်အေးခေတ် နောက်ပိုင်း နေတိုး မဟာမိတ်တွေရဲ့ အကြီးမားဆုံး စစ်ရေး အားဖြည့်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးကြတဲ့ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်တဲ့ နေတိုး ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ သူက ပြောခဲ့တာပါ။

ဥရောပ အရှေ့ပိုင်းမှာ ရှေ့တန်း တပ်ဖွဲ့ ဝင် ၅ ထောင် အထိ အင်အား ဖြည့်တင်းမှာ ဖြစ်ပြီး ဘောလ်ကန် ဒေသ နိုင်ငံတွေ ဖြစ်တဲ့ ပိုလန်၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား နိုင်ငံတွေမှာ ကွပ်ကဲရေး ဌာန ငယ်တွေ ထားရှိမှာ ဖြစ်တယ်လို့ မစ္စတာ Stoltenberg က အတည်ပြုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ